ထိုင်းတွင် စည်းကမ်းနှင့် မညီသည့် ရွှေ့ပြောင်းအလုပ်သမားများကို အရေးယူဖြိုခွင်း

By Asia News
29 November 2023
ထိုင်းတွင် စည်းကမ်းနှင့် မညီသည့် ရွှေ့ပြောင်းအလုပ်သမားများကို အရေးယူဖြိုခွင်း
ထိုင်းနိုင်ငံ မြောက်ပိုင်း တာ့ခ်ခရိုင် မဲဆောက်မြို့မှ တရားဝင် ၀န်ဆောင်မှု ကုန်တင်ယာဉ်ဖြင့် ထိုင်း-မြန်မာ နယ်စပ်သို့ ရွှေ့ပြောင်း အလုပ်သမားများ ဖြတ်သန်း သွားလာနေကြစဉ် Photo-AFP

ထိုင်းအလုပ်သမားဝန်ကြီးဌာနသည် စည်းကမ်းနှင့် မညီသော ရွှေ့ပြောင်းဝင်ရောက်သူများအပြင် ၎င်းတို့ကို အသုံးချအမြတ်ထုတ်သူများကို ဖြိုခွင်းမှုများ စတင်လုပ်ဆောင်ပြီ ဖြစ်သည်။

မြန်မာနိုင်ငံမှ အများစုဖြစ်သော အခြားသော နိုင်ငံများကပါ ပါဝင်သည့် လေးသန်းနီးပါး ရှိသည့် ရွှေ့ပြောင်းအလုပ်သမားများအား အကာအကွယ် ပေးထားသော ဥပဒေကို လိုက်နာခြင်း မရှိသည့် ထိုင်းကုမ္ပဏီ ၂၀ ကို နာမည်ပျက်စာရင်း သွင်းလိုက်ကြောင်း နိုဝင်ဘာ ၂၈ ရက်က ထုတ်ပြန်သည့် အချက်အလက်အရ သိရသည်။

ယခု လုပ်ငန်းစဉ်အရ ထိုင်းအခြေစိုက် ကုမ္ပဏီ ၁၂၆ ခုနှင့် ထိုင်းလူသစ်စုဆောင်းရေးအေဂျင်စီ ၂၀ ခန့် သက်ရောက်မှု ရှိခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

ထိုင်းအာဏာပိုင်များသည် မြန်မာအခြေစိုက် လူသစ်စုဆောင်းရေး အေဂျင်စီ ရှစ်ခုကို ယာယီလိုင်စင် တနှစ် ပိတ်ပြီး ထိုင်းတွင် လုပ်ကိုင်နေသည့် အခြားသော အေဂျင်စီ ၄၃ ခုကို အမြဲတမ်း လိုင်စင် ရုပ်သိမ်းလိုက်သည်။

ရွှေ့ပြောင်းသူများအား အခွင့်အရေးများ အာမခံရေးနှင့် ကောင်းမွန်စွာ ဆက်ဆံရေးတို့အတွက် နိုင်ငံတကာ ဖိအားများ ရှိနေစဉ် ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်းကဲ့သို့သော ကဏ္ဍများတွင် အလုပ်သမား ရှားပါးမှုကို ရင်ဆိုင်နေရခြင်းလည်း ဖြစ်သဖြင့် ထိုင်းအာဏာပိုင်များသည် ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်ပြီး အဓိက မူဝါဒ ပြောင်းလဲမှုများကို လုပ်ဆောင်လျက် ရှိသည်။

အခြား တဖက်တွင် အစိုးရက တရားဝင်စာရင်းဝင် အလုပ်သမားများ နေထိုင်ခွင့်နှင့် အလုပ်ပါမစ်များ ဖြေလျော့ပေးပြီး ပြည်ပအလုပ်သမားများအပေါ် အမြတ်ထုတ်သော အလုပ်ရှင်များကို အရေးယူခြင်းများ ရှိနေသကဲ့သို့ အခြား တဖက်တွင်လည်း ဥပဒေအရ ကာကွယ်ပေးထားသည့် လိုအပ်ရာ စာရွက်စာတမ်း မရှိဘဲ နယ်စပ်တလျှောက် အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေသည့် မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာကို ဖမ်းဆီးခြင်း၊ ပြန်ပို့ခြင်းများ လုပ်ဆောင်လျက် ရှိသည်။

လက်ရှိအထိ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လိုသော မြန်မာနိုင်ငံသားများအား ရှာဖွေရွေးချယ်ရေး၌ အစိုးရ ခွင့်ပြုထားသည့် အေဂျင်စီ ၁၅၀ အပေါ် မှီခိုနေရသည်.

COVID-19 ကပ်ဘေး အဆုံးသတ်နှင့်အတူ ထိုင်းတွင် သောင်တင်နေသော နိုင်ငံခြား အလုပ်သမားအား ထင်သလို ပြုမူခြင်းများ တဖန်ပေါ်ပေါက်လာခဲ့သည်။

ယင်းအတွက် အစိုးရသည် ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်ပါမစ်ကို ၂၀၂၅ ဖေဖော်ဝါရီ ၂၅ အထိ ဇူလိုင် ၅ ရက်တွင် သက်တမ်းတိုးပေးပြီး အလုပ်ရှင်များအနေဖြင့် အလုပ်သမားများ တရားဝင် ဖြစ်စေရေးကို ရက် ၉၀ အတွင်း ဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required