နည်းပညာမြင့်ဒရုန်းတွေနဲ့ဒရုန်းတွေကိုတားဆီးပစ်ချနိုင်တဲ့ လက်နက်တွေ ဝယ်ယူဖို့ စစ်ကောင်စီ ကြိုးပမ်းနေ

By Spring
28 November 2023
နည်းပညာမြင့်ဒရုန်းတွေနဲ့ဒရုန်းတွေကိုတားဆီးပစ်ချနိုင်တဲ့ လက်နက်တွေ ဝယ်ယူဖို့ စစ်ကောင်စီ ကြိုးပမ်းနေ

 

အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း လက်နက်ကိုင်ခုခံတော်လှန်နေကြတဲ့ တော်လှန်ရေးသမားတွေဘက်မှာ ဒရုန်းနည်းပညာအသုံးပြုမှု အားသာလာနေတာကြောင့် စစ်ကောင်စီက နည်းပညာမြင့်၊ အဆင့်မြင့်ဒရုန်းများ၊ ဒရုန်းများကို ပစ်ချနိုင်တဲ့ လက်နက်တွေ ၊ ဒရုန်းများကို တားဆီးနိုင်တဲ့ Jammer ကွန်ရက်တွေကို တပ်ဆင်ဝယ်ယူနိုင်ရေး ကြိုးပမ်းနေပါတယ်။ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် အပါအဝင် နိုင်ငံတဝန်းလုံးမှာ အာဏာသိမ်းစစ်ကောင်စီကို တော်လှန်ရေးတပ်တွေက ဒရုန်းတွေအသုံးပြုပြီး ဗုံးသီးချ တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီဘက်က အရေးနိမ့်ပြီး စခန်း လက်လွှတ်ရတာတွေနဲ့ သေဆုံးတာတွေလည်း နေ့စဉ်လိုလိုဖြစ်နေတာပါ။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်စခန်းအများစုကို ဒရုန်းများဖြင့် ပစ်ခတ်ပြီးမှ မြေပြင်တပ်များက ဝင်ရောက်သိမ်းခံရကြောင်း၊ တရုတ်နည်းပညာသုံး ဒရုန်းတားဆီးရေး ကွန်ရက်တွေ Jammerတွေ တပ်ဆင်ထားပေမယ့်လည်း တားဆီးနိုင်ခြင်းမရှိခဲ့ကြောင်းသိရပါတယ်။ ဒါတွေကိုကာကွယ်နိုင်ဖို့အတွက် နည်းပညာမြင့်တဲ့ ဒရုန်းတွေ၊ ဒရုန်းတားဆီးရေး ကွန်ရက်တွေ၊ ဒရုန်းပစ်လက်နက်တွေ ရဖို့ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် ရုရှား၊ မြောက်ကိုရီးယား၊ အစ္စရေး စတဲ့ နိုင်ငံတွေကနေ ဝယ်ယူဖို့ ကြိုးပမ်းနေတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံကို နိုဝင်ဘာလ ၂၂ ရက်နေ့က လာရောက်ခဲ့တဲ့ ထိုင်းဘုရင့်တပ်မတော် လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul ရဲ့ ခရီးစဉ်အတွင်းမှာလည်း စစ်ကောင်စီက နည်းပညာမြင့် ဒရုန်းများ၊ ဒရုန်းကာကွယ်တားဆီးရေးကွန်ရက်များ ဝယ်ယူရရှိနိုင်ရေး မေတ္တာရပ်ခံခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင်မောင်းသူမဲ့ယာဉ် ဒရုန်းအသုံးပြု တိုက်ခိုက်တာတွေတိုးလာနေပြီး ဒါဟာအနာဂတ်အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနေတယ်လို့ စစ်ကောင်စီ ပြည်ထဲရေးဒုဝန်ကြီးလည်းဖြစ်၊ ရဲချုပ်လည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကလည်း စက်တင်ဘာလ ၁၉ ရက်နေ့က တရုတ်နိုင်ငံမှာကျင်းပတဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုညီလာခံမှာ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့ကလည်း ရန်ကုန်တိုင်းအတွင်းက မြို့နယ်အားလုံးမှာ ဒရုန်းမရောင်းချဖို့နဲ့ ဒရုန်းပျံသန်းတာတွေ မပြုလုပ်ဖို့အတွက် စစ်ကောင်စီက တားမြစ်လိုက်ပါတယ်။ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေကလည်း ဒေသန္တရအမိန့်ဆိုပြီး ဆက်လက်ထုတ်ပြန်လာတာဖြစ်ပြီး ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းတွေ မရောင်းဖို့၊ လက်ဝယ်မထားဖို့၊ မပျံသန်းဖို့ တားမြစ်ထားတာတွေ့ရပါတယ်။ လက်ရှိအားဖြင့်ဆိုရင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကယား ဒေသအခေါ်ကရင်နီပြည်မှာ တိုက်ပွဲတွေ နေ့စဉ်လိုလိုရှိနေပြီး စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းယူတာတွေ နေ့စဉ်လိုလို ရှိနေတာပါ။ တချိန်တည်းမှာပဲ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေနဲ့ နေပြည်တော်၊ ပြင်ဦးလွင်မြို့တွေမှာတော့ စစ်ကောင်စီလုံခြုံရေးတွေ တိုးမြှင့်ဆောင်ရွက်လာနေတာဖြစ်ပါတယ်။ #politicalnews #mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly