မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အနီး တိုက်ပွဲပြင်းထန်

By Spring
28 November 2023
မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အနီး တိုက်ပွဲပြင်းထန်

တရုတ်-မြန်မာနယ်စပ် မြန်မာနိုင်ငံရဲ့ အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်အနီး တိုင်းရင်းသား မဟာမိတ်လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး အရပ်သားနဲ့ အဆောက်အဦးအချို့ ထိခိုက်ပျက်စီးမှုတွေရှိနေတယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၂၅ ရက်နေ့က မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးမှာ အဓိက အရေးပါတဲ့ မူဆယ် ကျင်စန်းကျော့ဂိတ်ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က သိမ်းပိုက် ခဲ့ပါတယ်။ အဲဒီလို သိမ်းပိုက်ပြီးနောက်ပိုင်း မူဆယ် (၁၀၅) မိုင်အနီးတစ်ဝိုက်နဲ့ ကုန်သွယ်ရေးဇုန် အတွင်းပိုင်းအထိ တိုက်ပွဲတွေ ပြင်းထန် လာတာလို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။ နိုဝင်ဘာလ ၂၆ ရက် ည ၇ နာရီ ၅၀ မိနစ် ကျော်အချိန်မှစတင်ကာ စစ်ကောင်စီတပ်က (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ကုန်းပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ် ခဲ့သလို အဲဒီနေရာကို မြောက်ပိုင်းအဖွဲ့ဘက်ကလည်း ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲကြောင့် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ထဲက ကုန်စစ်ဆေးရေးစင်နဲ့ အဆောက်အအုံ အချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ မူဆယ် (၁၀၅) မိုင်အနီးမှာ နိုဝင်ဘာလ ၂၆ ရက်မှာ တိုက်ပွဲတွေ ဖြစ်ခဲ့တာရှိတယ်လို့ စစ်ကောင်စီ လက်အောက်ခံ မီဒီယာတွေကို ပြောဆိုထားပါတယ်။ ဒါပေမဲ့ တိုက်ပွဲ အခြေအနေ အသေးစိတ်ကိုတော့ ထည့်သွင်း ပြောဆိုတာ မရှိပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မူဆယ်ကုန်သွယ်ရေးဇုန်မှာရှိတဲ့ ကျင်စန်းကျော့ ကုန်ကားဝင်းထဲကို နိုဝင်ဘာလ ၂၃ရက် မနက်ပိုင်းက လက်နက်ကြီးကျည်ကျပြီး ကားအစီး ၁၀၀နီးပါး ပျက်စီးခဲ့ပါတယ်။ အဲဒီနောက် တရုတ်ယူနန်အစိုးရက သူ့နိုင်ငံသားတွေကို မြန်မာနိုင်ငံထဲက အမြန်ဆုံးထွက်ခွာဖို့ သတိပေးခဲ့ပါတယ်။ ဒါ့အပြင် တရုတ်- မြန်မာနယ်စပ်တလျှောက်မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ စစ်ရေး လေ့ကျင့်မှုတွေ စတင်ခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ကုန်သွယ်ရေးဂိတ်ကို စစ်ကောင်စီထံကနေ သိမ်းယူကြောင်း ကြေညာပြီးနောက် ပေကျင်းအနေနဲ့ နယ်စပ်လုံခြုံရေးကို ကာကွယ်ဖို့ စိတ်ဆုံးဖြတ်ထားတယ်လို့ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် နေ့စဉ်သတင်းစာ PLA Daily မှာ ရေးသားထားဖော်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာနေတဲ့ ပြည်တွင်း ပဋိပက္ခမှာ ချက်ချင်း အပစ်အခတ်ရပ်စဲဖို့ တရုတ်စစ်တပ် အာဘော်သတင်းစာက တောင်းဆိုထားပါတယ်။ စစ်ဆင်ရေး တစ်လတာအတွင်း ချင်းရွှေဟော်၊ ကွမ်းလုံ၊ ပန်ဆိုင်း၊ မုံးကိုး၊ ဖောင်းဆိုင်၊ သိန္နီ စတဲ့ မြို့တွေကို ညီနောင်မဟာမိတ်တပ်တွေက သိမ်းပိုက်ခဲ့ပြီး ချင်းရွှေဟော်၊ ပန်ဆိုင်း၊ မုံးကိုးနဲ့ ကျင်စန်းကျော့နယ်စပ်ဂိတ်တွေကိုလည်း ထိန်းချုပ်ထားတာဖြစ်ပါတယ်။

#politicalnews

#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly