လက်နက်ခဲယမ်းဖြင့် အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၂ဦးကို CDF ကျပ်သိန်း ၁၀၀ ချီးမြှင့်

By ပါခွီး (မဇ္ဈိမ)
28 November 2023
လက်နက်ခဲယမ်းဖြင့် အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၂ဦးကို CDF ကျပ်သိန်း ၁၀၀ ချီးမြှင့်
ပုံအညွှန်း - ခိုလှုံလာသည့် စစ်ကောင်စီတပ်သားကို ကြိုဆိုပုံနှင့် ဆုငွေချီးမြှင့်နေစဥ် ဓါတ်ပုံ - CDF - Zotung

ချင်းပြည်နယ် ၊ မတူပီခရိုင် ၊ရေဇွာမြို့တွင်းရှိ စစ်ကောင်စီ တပ်သားနှစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသဖြင့် ယမန်နေ့နိုဝင်ဘာလ ၂၈ရက်နေ့ကငွေကျပ် သိန်း ၁၀၀  ချီးမြှင့်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

“သူတို့က စစ်ကောင်စီလက်အောက်မှာ ဆက်ပြီးတာဝန်မထမ်းချင်တော့ဘူးဆိုပြီး ကျနော်တို့ဆီကို ဆက်သွယ်ပြီး ဝင်ရောက်လာတာပါ ။ သူတို့ကို ကျပ်သိန်း ၁၀၀ချီးမြှင့်ထားပြီး လုံခြုံတဲ့နေရာကို ပို့ဆောင်ပေး ထားပါတယ်” ဟု CDF – Zotung တပ်ဖွဲ့တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။

ရေဇွာမြို့တွင် အထိုင်ချတပ်စွဲထားသည့်တပ်မှ စစ်ကောင်စီတပ်သား နှစ်ဦး MA 1 သေနတ်တလက် ၊ ကျည်အတောင့် ၃၈၀ ၊ အီနာဂါဗုံးသီးငါးလုံး၊ လက်ပစ်ဗုံးသုံးလုံး ၊ နင်းမိုင်းတလုံး ၊ ကျည်ကာအင်္ကျီနှင့် ကျည်ကာဦးထုပ်တို့ယူ ဆောင်လာကာ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဇိုတုန်) CDF – Zotung ထံနိုဝင်ဘာ ၂၆ရက်နေ့က ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

ရေဇွာမြို့တွင် စစ်ကောင်စီတပ်သား ၅၀ဦးခန့်ရှိပြီး စုပေါင်းအင်အားပုံစံမျိုးဖြင့် ဖွဲ့ စည်းထားသောကြောင့် မည်သည့်တပ်ရင်းလက်အောက်ခံဖြစ်ကြောင်းကို မသိရဟု ဆိုသည်။

အလားတူ မတူပီမြို့အထိုင်ချ ရဲစခန်းမှ တပ်သား မိုးကန့်သည် G3 တလက်၊ ကျည်ဘောက်နှစ်ခု ၊ ကျည်ဆန် ၁၀၀ ယူဆောင်ပြီး ဇနီးနှင့် လသားအရွယ်ကလေးတို့ကို ခေါ်ဆောင်ကာ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) တပ်ရင်း(၂) CDF – Matupi Battalion(2) ထံ နိုဝင်ဘာ ၂၆ရက်နေ့က အလင်းဝင်လာကြောင်း သိရသည်။

“ကျနော်တို့ဆီ ဝင်ရောက်လာတဲ့သူကို သိန်း၆၀ (ခြောက်ဆယ်) ချီးမြှင့်ထားပါတယ်” ဟု CDF – Matupi တပ်ရင်း(၂) တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

အဆိုပါရဲတပ်သားသည် တာဝန်ထမ်းဆောင်ခဲ့သည့်ဝန်ထမ်းသက် ခုနစ်နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

အာဏာရှင်စနစ်ကို တိုက်ခိုက်နေခြင်းဖြစ်ပြီး ၎င်းတို့လက်အောက်ခံငယ်သားများကို မတိုက်ခိုက်လိုဘဲ မြန်မာပြည်သားအချင်းချင်း တဖက်နှင့်တဖက် ထိခိုက်နစ်နာမှုများ ဆက်လက်မဖြစ်ပွားစေရန်နှင့် စစ်အာဏာရှင်စနစ် ပျက်သုဥ်းချိန် နီးလာပြီဖြစ်သဖြင့်  ပြည်သူ့ရင်ခွင်ကို အမြန်ဆုံးပူးပေါင်းကြရန် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်များကို တိုက်တွန်းလိုကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

အကယ်၍ လက်နက်ခဲယမ်းများယူဆောင်လာနိုင်ပါက ထိုက်တန်သော ဆုငွေများ ချီးမြှင့်ပြီး လုံခြုံဘေးကင်းသည့် နေရာများသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

စစ်မြေပြင်တွင် ပြည်သူ့တော်လှန်ရေး အင်အားစုများထံ လက်နက်အပ်နှံလျက် ပြည်သူကို သစ္စာခံမည့်အကြောင်း ဖော်ပြလာသူများကို ဖမ်းဆီးချုပ်နှောင်ခြင်း ၊ ညှဥ်းပန်းနှိပ်စက်ခြင်း မပြုဘဲ မိသားစုထံပြန်လိုက ပြန်နိုင်ရန် ကူညီစီစဥ်ပေးမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရနှင့်တော်လှန်ရေးအင်အားစုများက နိုဝင်ဘာ ၂၇ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် မိသားစုဝင်များ အတူပါလာလျှင် ၎င်းတို့၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးကို တာဝန်ယူပြီး လူ့အဖွဲ့အစည်းအတွင်း ပြန်လည်အခြေချနေထိုင်ရန် လိုအပ်သော ထောက်ပံ့မှုများကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆိုသည်။

နွေဦးတော်လှန်ရေး သုံးနှစ်တာကာလအတွင်း နိုင်ငံတဝန်းက ပြည်သူ့ရင်ခွင်ခိုလှုံလာကြသည့် တပ်မတော်သား ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် စုစုပေါင်း ဦးရေ ၁၄,၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

စာတည်း ။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#ချင်းပြည်နယ်
#မတူပီမြို့နယ်
#အလင်းဝင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly