မြန်မာနိုင်ငံရှိ စစ်ဖြစ်ပွားရာဒေသများမှ အမျိုးသမီး ၉သန်းကျော်အတွက် လူသားချင်းစာနာမှုအကူအညီ အရေးပေါ်လိုအပ်

By Spring
28 November 2023
မြန်မာနိုင်ငံရှိ စစ်ဖြစ်ပွားရာဒေသများမှ အမျိုးသမီး ၉သန်းကျော်အတွက် လူသားချင်းစာနာမှုအကူအညီ အရေးပေါ်လိုအပ်

မြန်မာနိုင်ငံရှိ အမျိုးသမီးနဲ့ မိန်းကလေးငယ် ၉သန်းကျော်အတွက် လူသားချင်းစာနာမှုအကူအညီများ အရေးပေါ်လိုအပ်နေတယ်လို့ UN Myanmar ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

United Nations Myanmar အသိပေးထုတ်ပြန်ချက်ထဲမှာ ကျား-မ အခြေပြုအကြမ်းဖက်မှုတွေဟာ ကမ္ဘာတစ်ဝှမ်းရှိ‌ နေရာတိုင်းမှာ ပျံ့နှံနေရှိပြီး မြန်မာနိုင်ငံမှာ လက်ရှိ ရင်ဆိုင်နေရတဲ့  အရေးပေါ်အခြအနေတွေမှာလည်း အကြမ်းဖက်မှုတွေ တိုးပွားနေတယ်လို့ နိုဝင်ဘာလ ၂၅ ရက်က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီ အရေးပေါ်လိုအပ်နေတဲ့ အမျိုးသမီး နဲ့ မိန်းကလေး (၉ ဒသမ ၂)သန်းရှိပြီး လူဦးရေထက်ဝက်ကျော်ဟာ  ဆင်းရဲနွမ်းပါးစွာနေထိုင်ကြရတယ်လို့ ဆိုထားပါတယ်။

လက်ရှိ ရခိုင်၊ ရှမ်း၊ ချင်း၊ စစ်ကိုင်း၊မကွေး၊ ကယားနဲ့ ကရင်ပြည်နယ်တို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံမှာ အောက်တိုဘာ ၂၆ ရက်မှစတင်ပြီး နိုဝင်ဘာ ၂၂ ရက်အထိ လူပေါင်း ၃၃၅,၀၀၀ နီးပါး နေရပ်စွန့်ခွာခဲ့ရကြောင်း ကုလသမဂ္ဂကသတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်  လွန်ခဲ့တဲ့ သုံးနှစ်အတွင်း အိုးအိမ်မဲ့နေထိုင်ရမှုများ မြင့်တက်လာခဲ့ပြီး ယခုအခါ ပြည်တွင်းနေရပ်စွန့်ခွာသူ (၂)သန်းကျော်ရှိရာ ၎င်းတို့အနက် (၅၃)ရာခိုင်နှုန်းမှာ အမျိုးသမီးနဲ့ မိန်းကလေးများ ဖြစ်တယ်လို့ UN Myanmar က ဆိုထားပါတယ်။

စစ်ပွဲဖြစ်ပွားရာဒေသတွေမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ ကျန်းမာရေးနဲ့ စားသောက်နေထိုင်ရေး ခက်ခဲနေပြီး အကူအညီအထူးလိုအပ်နေတယ်လို့ အမျိုးသမီးရေး လှုပ်ရှားတဲ့အဖွဲ့တွေက ဆိုပါတယ်။

သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်နဲ့ မွေးကင်းစသားသည်မိခင်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးအကူအညီတွေ ပိုလိုအပ်နေတယ်လို့ လည်း ထောက်ပြကြပါတယ်။

မြန်မာစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိုင်းနိုင်ငံ နယ်စပ်ကို ထွက်ပြေး တိမ်းရှောင်လာခဲ့တဲ့ မြန်မာဒုက္ခသည်တွေရဲ့ လက်ရှိအခြေအနေဟာ ကျန်းမာရေး၊ ပညာရေး၊ နေထိုင်စရာ အခက်အခဲတွေကြုံနေရပြီး လူသားချင်းစာနာမှုအကူအညီတွေ အရေးပေါ်လိုအပ်နေပါတယ်လို့ အရှေ့တောင်အာရှလွှတ်တော်အမတ်များအဖွဲ့  APHR ကလည်း ပြောကြားထားပါတယ်။

အထူးသဖြင့် အမျိုးသမီးတွေနဲ့ ကလေးတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု မရတဲ့အခြေအနေတွေဟာ စိုးရိမ်စရာဖြစ်နေပြီး ကလေးငယ် အများစုက အာဟာရချို့တဲ့မှုများရှိနေကာ ကုလနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အပါအဝင် တခြားသော အဖွဲ့အစည်းတွေ အနေနဲ့လည်း လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို အရေးပေါ် အခြေအနေမှာ ကူညီပံ့ပိုးပေးဖို့  (APHR) က တိုက်တွန်းထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် လက်ရှိအချိန်ထိ စစ်ဘေးဒုက္ခသည် သုံးသန်းနီးပါး ရှိလာပြီး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၈၇၁ ဦး ကလေး ၅၃၀ ကျော် သေဆုံးခဲ့ရကြောင်း APHR က နိုဝင်ဘာ ၁၇ ရက်ကသတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

စစ်ကောင်စီအာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ်ကစပြီး အခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့အထိ အမျိုးသမီး ၆၂၈ ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသမီး သုံးထောင်ကျော် (၃,၂၃၂ ) ဦးရှိပြီလို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) အောက်တိုဘာ ၃၁ ရက်နေ့က ထုတ်ပြန်ထားချက်အရသိရပါတယ်။

#politicalnews
#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly