မြိတ်နှင့်ထားဝယ်တွင် အရပ်သားများကို စစ်ကောင်စီ ပစ်မှတ်ထားဖမ်းဆီးနေဟုဆို

By ကိုရွှေမြိတ် (မဇ္ဈိမ)
28 November 2023
မြိတ်နှင့်ထားဝယ်တွင် အရပ်သားများကို စစ်ကောင်စီ ပစ်မှတ်ထားဖမ်းဆီးနေဟုဆို

တနင်္သာရီတိုင်း၊မြိတ်မြို့နှင့် ထားဝယ်မြို့နယ်တွင် စစ်ကောင်စီက အရပ်သားများကို အစစ်အဆေးမရှိ ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေ၍ သတိထားသွားလာကြရန်မြို့ခံများက  သတိပေးသည်။

" လူငယ်တွေ ညစဉ် ဖမ်းခံရနေတယ်၊ အများစုက စစ်တပ်က ကင်းပုန်းဝှက်နေတဲ့ ဂိတ်တွေကို ဖြတ်လာရင် သေနတ်ပြ ခြိမ်းခြောက်ပြီး ဖမ်းခံရတာမျိုး ရှိတယ်”လို့ ထားဝယ်မြို့ခံ လူငယ် တစ်ဦးက ပြော သည်။

ထားဝယ်မြို့၊ ကြက်စာပြင်ရပ်ကွက်၊ စောမိညိုလမ်းနှင့် ကာစတန်ဆိပ်ကမ်းတွင် နိုဝင်ဘာလ ၂၆ရက် ညက  ဒေသခံ အမျိုးသား ၃၀ ဦးနီးပါးကို စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့ က ဖမ်းဆီးသွားသည်ဟုမြို့ခံများထံမှ သိရ သည်။ အဆိုပါဖမ်းဆီးခံရသူများ ပြန်လွတ်မြောက်လာခြင်းရှိမရှိမသိရသေးပေ။

နိုဝင်ဘာလဆန်းမှစတင်ကာ  စစ်ကောင်စီက ပြည်သူများကိုအကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးနေမှုကြောင့် ဒေသခံများ၊ ခရီးသွားများ သတိထား သွားလာကြရန်  မြို့ခံများက ပြောသည်။

မြိတ်မြို့တွင်လည်း စစ်ကောင်စီက ညဖက် ကင်းလှည့် ချိန်တွင်  အလုပ်မှ ပြန်လာသူများ၊ လမ်းပေါ်တွေ့ရှိသူများကို  အစစ်အဆေးမရှိ ဖမ်းဆီးနေသည်ဟု မြို့ခံများထံမှ သိရ သည်။

“မြိတ်မှာ ညဖက် လူ ၁၀ ဦး ထက် မနည်း ဖမ်းဆီးခံနေရတာ ရှိတယ်။ ဖမ်းခံရတဲ့ သူတွေကိုလည်း ငွေညှစ်တာရှိသလို ပိုက်ဆံမပေးနိုင်တဲ့ သူတွေကျတော့ ထောင် တလကျတာရှိတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

မြိတ်နှင့် ထားဝယ်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ကျေးရွာအချို့တွင်  စစ်ကောင်စီစခန်းနှင့် စစ်ကြောင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်နေသည်။

စစ်ကောင်စီသည် မြိတ်မြို့နယ်၌  ည ၁၂ နာရီမှ နံနက် ၄ နာရီ အထိနှင့် ထားဝယ်မြို့တွင်  ည ၈ နာရီမှ နံနက် ၄ နာရီ အထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။ ထို့အပြင် မြိတ်ခရိုင်မှ တနင်္သာရီနှင့် ပုလောမြို့နယ်ကို  စစ်အုပ်ချုပ်ရေး ကြေညာထားသည်။

စာတည်း - အေးချမ်း
#Mizzima
#တနင်္သာရီ
#မြိတ်
#ထားဝယ်
#အရပ်သားများကိုစစ်ကောင်စီဖမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly