မတ္တရာက တပ်စခန်း သိမ်းပိုက်ခံရပြီး စကစတပ်ဖွဲ့ဝင် ၁၅ ဦးသေ၊ အရှင် ၄ ဦး ဖမ်းဆီးရမိ

By 007 (မဇ္စျိမ)
27 November 2023
မတ္တရာက တပ်စခန်း သိမ်းပိုက်ခံရပြီး စကစတပ်ဖွဲ့ဝင် ၁၅ ဦးသေ၊ အရှင် ၄ ဦး ဖမ်းဆီးရမိ
ပုံအညွှန်း- ယနေ့ တိုက်ပွဲတွင် သိမ်းဆည်းရမိသည့် လက်နက်နှင့် သုံ့ပန်းများ (Photo -MDY PDF)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းကုန်း တခုကို ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် TNLA ပူးပေါင်းတပ်ဖွဲ့များ ၀င်ရောက်တိုက်ခိုက်ခဲ့သည်။

ထို့သို့ ဝင်ရောက်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးပြီး လေးဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ယနေ့ ညပိုင်းတွင် ထုတ်ပြန်သည်။

အဆိုပါ တပ်စခန်းကုန်းကို ယနေ့ နံနက် ၈ နာရီတွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခြင်းဖြစ်ပြီး နံနက် ၁၀ နာရီခွဲခန့်တွင် စခန်းကုန်းအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဆိုသည်။

သို့သော် မေတ္တရာမြို့နယ် မည်သည့်နေရာက မည်သည့်တပ်စခန်းဖြစ်သည်ကို ဖော်ပြထားခြင်း မရှိပေ။ တိုက်ပွဲနှင့် ပတ်သက်ပြီး မေးမြန်းရန် ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) ကို မဇ္ဈိမက ဆက်သွယ်နေဆဲ ဖြစ်သည်။

စစ်ကောင်စီဘက်ကမှု တပ်စခန်း သိမ်းပိုက်ခံရခြင်းနှင့် ပတ်သက်၍ တစုံတရာ ထုတ်ပြန်ပြောဆိုလာခြင်း မရှိသေးပေ။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့၀င်လေးဦးအား အရှင်ဖမ်းဆီးရမိခဲ့သကဲ့သို့ လက်နက် မျိုးစုံ ၁၃ လက်နှင့် ခဲယမ်းအမြောက်အများကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် TNLA ပူးပေါင်း တပ်ဖွဲ့များသည်  စစ်ကောင်စီတပ် အခြေစိုက်စခန်းများကို တခုပြီးတခုထိုးစစ်ဆင် တိုက်ခိုက်နေသည်။

အောက်တိုဘာလ ၂၆ ရက်နေ့မှ နိုဝင်ဘာလ ၂၇ ရက်နေ့အထိ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် မန္တလေးတိုင်း မတ္တရာမြို့နယ်၊ မိုးကုတ် မြို့နယ်တို့တွင် တောင်သမန်စစ်ဆင်ရေးအဖြစ် တိုက်ပွဲပေါင်း ၃၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့် သေဆုံးပြီး စစ်သုံ့ပန်း ၁၁ ဦး ထက်မနည်းကို ဖမ်းဆီးနိုင်ခဲ့ကြောင်းလည်း ပူးပေါင်းအဖွဲ့က ထုတ်ပြန်ထားသည်။

စာတည်း။   ။ နောင်နောင်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly