မြင်းခြံတွင် စစ်ကောင်စီတပ်ဖွဲ့အား တိုက်ခိုက်မှု အထိအခိုက်များဟုဆို

By 007 (မဇ္စျိမ)
27 November 2023
မြင်းခြံတွင် စစ်ကောင်စီတပ်ဖွဲ့အား တိုက်ခိုက်မှု အထိအခိုက်များဟုဆို
မြင်းခြံမြို့နယ်အတွင်း တိုက်ပွဲတခုတွင်တွေ့ရသည့် ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့  Photo/NYSGF

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီ၏စစ်ဆေးရေးဂိတ်နှင့် စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၁ ဦးသေဆုံးသွားကြောင်း မြင်းခြံခရိုင် အမှတ်(၆)တပ်ရင်း၊ တပ်ခွဲ(၁) နောင်ရိုးအထူးပြောက်ကျားတပ် (NYSGF)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ နို၀င်ဘာလ ၂၆ ရက်နေ့နံနက် ၇ နာရီခွဲအချိန်ခန့်တွင် မြင်းခြံမြို့နယ်၊ တလုပ်ကျေးရွာမှစစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ထိုဖြစ်စဉ်ကို လာရောက်စစ်ဆေးသည့် စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားသုံးဦးသေဆုံးခဲ့ကြောင်း NYSGF တာ၀န်ရှိသူတဦးကပြောသည်။

နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်တွင် မြင်းခြံမြို့နယ် ဥဒယကျေးရွာမှထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရှစ်ဦး နေရာတွင်ပင်လဲကျသေဆုံးကြောင်းNYSGF၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“နေရာမှာပဲပွဲချင်းပြီးသေတယ်။အလောင်းတွေကို နာရေးကားနဲ့လာကောက်သွားတယ်” ဟု NYSGF တာ၀န်ရှိသူတဦးကပြောသည်။

စစ်ကောင်စီတပ်သားများသေဆုံးမှုနှင့်ပတ်သက်၍ မဇ္စျိမအနေနှင့် သီးခြား အတည်ပြုချက်မရရှိ‌သေးပေ။

အဆိုပါတိုက်ခိုက်မှုများကို NYSGF၊ မြင်းခြံခရိုင်အမှတ်(၂)တပ်ရင်း Taloke PDF နှင့် Myingyan MP-9 အဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

NYSGF နောင်ရိုးအထူးပြောက်ကျားတပ်နှင့်မဟာမိတ်များသည် ပြီးခဲ့သည့် နို၀င်ဘာလ ၂၂ ရက်နေ့ကလည်း မြင်းခြံမြို့နယ်၊ရန္တပိုကျေးရွာအနီးတွင် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကိုမိုင်းဆွဲ တိုက်ခိုက်ခဲ့သေးသည်။ထိုတိုက်ခိုက်မှုတွင်လည်း စစ်ကောင်စီတပ်သားလေးဦး သေဆုံးခဲ့ကြောင်း NYSGF ကသတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင်စစ်ကောင်စီတပ်သည် တလုပ်နှင့်ရန္တပိုကျေးရွာတို့တွင် အင်အားဖြည့်တင်းပြီး ကျေးရွာအနီး၀န်းကျင်ကို စစ်ကြောင်းထိုးနေကြောင်း သိရသည်။

စာတည်း - အေးချမ်း
#Mizzima
#မြင်းခြံမြို့နယ်
#စစ်ကောင်စီတပ်
#မိုင်းဆွဲတိုက်ခိုက်
#NYSGF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly