ရွှေတိဂုံ ဘုရားရှေ့တွင် “ရန်ကုန်မှာပြန်ဆုံမယ်” စာတန်းချိတ်ဆွဲပြီး ဆန္ဒပြ

By ဂန္ဒမာ (မဇ္ဈိမ)
27 November 2023
ရွှေတိဂုံ ဘုရားရှေ့တွင် “ရန်ကုန်မှာပြန်ဆုံမယ်” စာတန်းချိတ်ဆွဲပြီး ဆန္ဒပြ

ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရား အရှေ့ဘက်စောင်းတန်းတွင် “ရန်ကုန်မှာပြန်ဆုံမယ်” ဘန်နာစာတန်းအား ယနေ့ နိုဝင်ဘာ ၂၇ ရက်နေ့တွင် ရေဘဝဲအဖွဲ့မှ သွားရောက်ချိတ်ဆွဲခဲ့ကြသည်။

လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှ ယခုလှုပ်ရှားမှုအားပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ရေဘဝဲအဖွဲ့၏ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

“ဒီနေ့လှုပ်ရှားမှုကတော့ တနိုင်ငံလုံးအဆင့် စစ်ဆင်ရေး ၁၁ လပိုင်း ၂၇ ရက်နေ့ပဲ ဖြစ်ပါတယ်၊ နောက်တခုကကျတော့ ရန်ကုန်ကနေ အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာခဲ့ရပြီးတော့ တခြားနေရာတခုမှာရောက်နေတဲ့ တော်လှန်ရေး ရဲဘော် ရဲဘက်တွေ၊ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိနေတဲ့ တော်လှန်ရေးရဲဘော်ရဲဘက်တွေနဲ့ အကျဉ်းထောင်အသီးသီးမှာ ရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသား ရဲဘော်ရဲဘက်တွေနဲ့ ရန်ကုန်နဲ့ မကြာခင်အချိန်အတွင်းမှာ ပြန်ဆုံကြရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ ရန်ကုန်မှာပြန်ဆုံမယ်ဆိုပြီးတော့ ဘန်နာစာတန်းချိတ်ဆွဲခဲ့တာဖြစ်ပါတယ်။” ဟု ရေဘဝဲပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း ဥက္ကဋ္ဌက မဇ္ဈိမကို ပြောသည်။

ရေဘဝဲ အဖွဲ့ဝင်များ စာတန်းချိတ်ဆွဲနေစဉ်အတွင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင် လုံခြုံရေးများမှ ဟန့်တားမှုများ ပြုလုပ်ခဲ့ပြီး ယင်းနောက် အနီးအနားရှိ အရပ်ဝတ်လူ အချို့က ဘန်နာချိတ်ဆွဲသူများကို ဖမ်းဆီးရန် ကြိုးပမ်းမှု ဖြစ်ပွားခဲ့သည်။

“စာတန်းချိတ်ဆွဲနေစဉ်အချိန်မှာပဲ ဂေါပကအဖွဲ့ဝင်လုံခြုံရေးရဲ့ ဝီစီမှုတ်သံနဲ့အတူ မပြေးနဲ့ရပ်ဆိုပြီး လှမ်းအော်တယ်၊ လှမ်းအော်တာနဲ့တပြိုင်နက် အနားမှာရှိတဲ့ သူတို့ဘက်မှာရှိတာ မဟုတ်ဘူးပေါ့နော်၊ သူတို့ဝန်းကျင်မှာရှိတဲ့ ဖိနပ်ထည့်တဲ့ ကြွတ်ကြွတ်အိတ်တွေရောင်းတဲ့ အသွင်ယူအရပ်ဝတ်တွေက နောက်ကနေ လိုက်ဖမ်းပါတယ်၊ သိပ်မဝေးဘူး ရေဘဝဲရဲဘော်တွေနဲ့ အကွာအဝေးကပေါ့နော်၊ ဖမ်းတဲ့အချိန်မှာ အော်ပြီးတော့ဖမ်းတယ်၊ အင်အားကတော့ အနည်းဆုံး ငါးယောက်နဲ့အထက်မှာရှိတယ်။” ဟု ရေဘဝဲဥက္ကဋ္ဌက ဆက်ပြောသည်။

သို့သော်လည်း ဘန်နာချိတ်ဆွဲသူ တဦးတယောက်မျှ ဖမ်းဆီးခံရခြင်း မရှိကြောင်း ရေဘဝဲအဖွဲ့ တာဝန်ရှိသူက ပြောသည်။

လက်ရှိအချိန်တွင် ဘန်နာချိတ်ဆွဲသူများ လုံခြုံသည့်နေရာတွင် ဘေးကင်းစွာရှိနေပြီး အကြမ်းမဖက် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ထပ်မံလုပ်ဆောင်ရန် အဆင်သင့်ရှိနေကြောင်းလည်း ရေဘဝဲအဖွဲ့က ပြောသည်။

#ရန်ကုန်

#ပြန်ဆုံမယ်

#လိုက်လံဖမ်းဆီး

#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly