ရခိုင်စစ်ပြေးဒုက္ခသည် ၁၄၀၀ကျော်ရှိ

ရခိုင်စစ်ပြေးဒုက္ခသည် ၁၄၀၀ကျော်ရှိ
စစ်ဘေးတိမ်းရှောင်ဒုက္ခသည်များ (ဓာတ်ပုံ - CJ)

ချင်းမိုင်၊ဧပြီ ၂၇ ။          ။ မြန်မာ့တပ်မတော်နှင့် ရက္ခိုင်တပ်မတော်(AA)တို့အကြား ရက်သတ္တပတ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် စစ်ပြေးဒုက္ခသည် ၁၄၀၀ ကျော်ထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

ဧပြီ ၁၆ ရက်နေ့မှ ၂၃ ရက်ထိ ရခိုင်ပြည်နယ် ရသေ့တောင်၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များတွင် မြန်မာ့ တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သဖြင့် ၎င်းမြို့နယ်များမှ စစ်ပြေးဒုက္ခသည် ၁၄၀၀ ကျော်သည် မြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု AA မှ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

“အခုက ရွာတော်တော်များများ မနေရဲဘဲ။ သူတို့ အိုးအိမ်တွေကို စွန့်ခွာပြီးတော့မှ ပုဏ္ဏားကျွန်းမြို့နယ် မြို့နဲ့ နီးတဲ့နေရာတွေကို ပြေးတာရှိတယ်။ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်ထဲကိုလည်း   ပြေးတာတွေရှိတယ်။ ဆိုတော့ အခု ဘူးသီးမြို့နယ်ထဲမှာ ၇၀၀ ကျော် ၈၀၀ လောက်ရှိတယ်။ ရသေ့တောင်မြို့နယ်ထဲတွင် ယိုးချောင်းကျေးရွာမှာ သွားပြီးခိုလှုံတာ၊ တကောင်း ချောင်းတို့မှာ သွားခိုလှုံနေတာတွေရှိတယ်။ အကုန်လုံးပေါင်းလိုက်ရင်တော့ အနည်းဆုံး စစ်ရှောင်ဒုက္ခသည်က ၁၄၀၀ ကျော်လောက်တော့ ရှိတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ယနေ့တွင် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသော်လည်း မြန်မာ့တပ်မတော်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေဆဲ ဖြစ်သလို၊ အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏   ဒေသများသို့လည်း   မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်မှုများ ဆက်လက် လုပ်ဆောင်နေသဖြင့် ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ပါဝင်သော ယခင်အစိုးရ အဖွဲ့ ကိုယ်စားလှယ်များနှင့် အလွှတ်သဘောတွေ့ဆုံမှုကို ငြင်းဆိုလိုက်ကြောင်း ခိုင်သုခက မဇ္ဈိမကို ပြောသည်။

စစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများအတွက် စားသောက်ရေးအတွက် အစောပိုင်းက ကူညီခဲ့သော လူမှုအဖွဲ့အစည်းများ ဖြစ်သော်လည်း ယမန်နေ့မူ ရခိုင်ပြည်နယ်အစိုးရမှ လာရောက်ကြည့်ရှုမှုများရှိသည်ဟု လူထုအခြေပြုကွန်ယက်မှ ကိုသိန်းလှက မဇ္ဈိမကို ပြောသည်။

“စာရင်းအတိအကျတော့ မရသေးဘူး။ ကျောက်တော်ဘက်က စာရင်းတွေတော့မထွက်လာသေးဘူး။ တချို့ ရွာအပြင်ဘက်က မထွက်ဘဲ ရွာထဲမှာဘဲ နေတဲ့လူတွေရှိတယ်။ စခန်းအနေနဲ့ ထည့်ဖို့ ခက်တယ်။ တစ်ချို့ရွာတွေက ကျနော်တို့က စခန်းချတာ အစိုးရအဖွဲ့ကနေ သူတို့ကို အပြင်ကို ထွက်ခွင့်မပေးထားတဲ့ ရွာတွေ ရှိတယ်။ သူတု့ိကိုလည်း စာရင်းထည့်လို့ မရဘူး။ တချို့က သူတို့က ရွာ အနီးအနားက ရွာတွေမျာ ထွက်ပြေးနေရတယ်”ဟု သူက ပြောသည်။

AA သည် ဦးသိန်းစိန်အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA)လက်မှတ်ရေးထိုးနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အစိုးရဟောင်းဘက်မှ လက်မခံခဲ့ပေ။

တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် မြန်မာ့တပ်မတော် အငြိမ်းစား ဒုဗိုလ်မှူးကြီး ခင်ဇော်ဦး ပါဝင်သော ကိုယ်စားလှယ်များက AA အပါအဝင် ကိုးကန့်နှင့် ပလောင် လက်နက်ကိုင် အဖွဲ့ သုံးဖွဲ့ကို အလွှတ်သဘောတွေ့ဆုံ ဆွေးနွေးရန် ကမ်းလှမ်းခဲ့မှုကို ဧပြီလ ၂၆ ရက်က ငြင်းပယ်လိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly