စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ ညောင်ဖြူပင်ကျေးရွာရှိ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများရှိကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) က နိုဝင်ဘာလ ၂၄ရက်နေ့တွင်ထုတ်ပြန်သည်။
“ကျနော်တို့ စခ (စစ်ကောင်စီတပ်သား)သေဆုံးတာကို အနီးကပ်မျက်မြင်တွေ့ခဲ့ရတာပါ။ ကျည်မလုံလောက်တာနဲ့ လက်နက်ကြီးမရှိလို့ စခန်းမသိမ်းနိုင်ဘဲ ပြန်ဆုတ်ခွာခဲ့ရတာပါ” ဟု Chindwin Attack Force တပ်ရင်း(၄) ပြန်ကြားရေးတာဝန်ခံက မဇ္စျိမကိုပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်နှင့် ပျူစောထီး ဆိုသူများ ပူးပေါင်းအင်အား ၅၀ ခန့်ရှိသော ညောင်ဖြူ ပင်ရဲစခန်းကို နိုဝင်ဘာလ ၂၄ရက်နံနက် ၅နာရီအချိန်တွင် တော်လှန်ရေး မဟာမိတ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
တိုက်ပွဲအတွင်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa the Boys) က ဦးဆောင်ပြီး ရင်း(၄) တပ်ခွဲ(၁) spring Dove PDF ၊ တပ်ရင်း(၄) တပ်ခွဲ(၃) Monywa Nightking PDF ၊ တပ်ရင်း(၄) တပ်ခွဲ(၄) Teacher Defence Force PDF ၊ မုံရွာခရိုင်တပ်ရင်း(၁၇) ၊ DLC Local တပ်ပေါင်းစု ၊ ရင်းမာပင်တပ်ရင်း(၂၈) နှင့် ဒဿပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း(၄) သည် စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်နေသဖြင့် အရေးပေါ်လက်နက်ခဲယမ်းများလို အပ်နေကြောင်း အသိပေးထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး