ရန်ကုန်ရှိ စက်မှုဇုန်တချို့ အလုပ်သမားများကို အလုပ်ချိန် စောဆင်းခိုင်းဟုဆို

By (မဇ္ဈိမ)
26 November 2023
ရန်ကုန်ရှိ စက်မှုဇုန်တချို့ အလုပ်သမားများကို အလုပ်ချိန် စောဆင်းခိုင်းဟုဆို

ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာစက်မှုဇုန် ၊ရွှေပြည်သာစက်မှုဇုန်နှင့် မင်္ဂလာဒုံစက်မှုဇုန်တို့တွင် လုပ်ကိုင်နေသည့် စက်ရုံဝန်ထမ်းများကို အလုပ်ချိန်စောဆင်းခိုင်းခြင်းများ ရှိနေသည်ဟု သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် လူငယ်များကို ညပိုင်းတွင် ဖမ်းဆီးငွေတောင်းခြင်းနှင့် ပေါ်တာဆွဲခြင်းများ ရှိနေသည်ဟု သတင်းများပြန့်ပြီးနောက်ပိုင်း စက်မှုဇုန်အချို့တွင် အလုပ်ချိန်စောဆင်းခိုင်းခြင်းများ ပြုလုပ်လာခြင်း ဖြစ်သည်။

‘’စောဆင်းခိုင်းတာဟုတ်တယ်။ ကျွန်မတို့အထည်ချုပ်စက်ရုံဆိုရင် ပြီးခဲ့တဲ့အပတ်ထဲကနေစပြီး ၆ နာရီဆိုရင် အလုပ်ဆင်းခိုင်းတော့တယ်။ OTမရတော့ဘူးပေါ့။ အရင်ကဆို ၁၀ နာရီလောက်အထိ ဆင်းကြရတာ။အခုတော့အလုပ်အရမ်းကျနေရင် အဆောင်မပြန်ခိုင်းတော့ဘဲနေ့ဆိုင်း၊ ညဆိုင်းဆင်းခိုင်းပြီး နောက်နေ့မှာ နားခိုင်းတာတွေလည်း ရှိတယ်။ စက်ရုံမှာက ဖယ်ရီရှိတယ်ဆိုပေမယ့် ကားကအိမ်ရှေ့ထိတော့မရောက်ဘူး။ ဒီတော့လမ်းမီးပျက်တာတွေရှိတယ်။ မှောင်ရိပ်ခိုပြီး လုတာတွေရှိတယ်။ နောက်ပြီး ၊ဘာမှန်းမသိဘူး အယောင်ဆောင်ပြီး လုတာတွေလည်း ရှိလာတယ်။အဓိကတော့ အပြစ်ရှိရှိ၊ မရှိရှိ စစ်တပ်ကခေါ်ပြီး ကားပေါ်တင်သွားတာတွေရှိတော့ စက်ရုံတွေကလည်း အခုလိုစောဆင်းခိုင်းလိုက်ကြတာ’’ဟု အထည်ချုပ်စက်ရုံ ဝန်ထမ်းတဦးက ဆိုသည်။

လှိုင်သာယာ စက်မှုဇုန်တွင် လာရောက်လုပ်ကိုင်နေကြသူအများစုမှာ နယ်မှလာရောက်သူများဖြစ်ပြီး အများစုမှာ အဆောင်နေသူများဖြစ်ကာ  OTမရှိသည့်အတွက် နေထိုင်ရေး အဆင်မပြေသည့်သူများနှင့် နယ်သို့ပြန်သွားသူများလည်း ရှိသည်ဟု သိရသည်။

‘’ကျွန်မတို့စက်ရုံမှာလည်း အလုပ်ချိန်စောဆင်းခိုင်းတာကတော့ ဘာကြောင့်လည်းတော့ မသိပေမယ့်နယ်စပ်လမ်းတွေပိတ်တော့ ပစ္စည်းတွေသွင်းလို့မရ၊ပို့လို့မရဘူး။ ဒီတော့စက်ရုံထဲမှာရှိတဲ့ အထည်တွေကိုပဲ စက်ရုံလည်ပတ်နိုင်အောင် ချုပ်ပေးရတယ်ဆိုပြီးပြောတယ်’’ဟုလည်း မင်္ဂလာဒုံစက်မှုဇုန်တွင် လုပ်ကိုင်နေသူတဦးက ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ရွှေပြည်သာမြို့နယ်ရှိ လူစည်းကားသည့်နေရာဖြစ်သည့် ၁၄လမ်းဆုံတွင် ည ၈ နာရီဝန်းကျင်ခန့်၌ စစ်ကားဖြင့် လူငယ်များကိုဖမ်းဆီးခေါ်ဆောင်သွားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ယင်းနေရာအနီးရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ညစဉ် ၈နာရီအချိန်ခန့်တွင် ဆိုင်များအားလုံး ပိတ်သိမ်းကြသည်ဟုလည်း သိရသည်။

စာတည်း။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly