မြောက်ဒဂုံမြို့နယ် ၄၀ စျေးကို စစ်ကောင်စီတပ် ဖျက်ဆီး၊ ကုန်ပစ္စည်းများ ယူဆောင်သွား

By ဂန္ဒမာ(မဇ္ဈိမ)
26 November 2023
မြောက်ဒဂုံမြို့နယ် ၄၀ စျေးကို စစ်ကောင်စီတပ် ဖျက်ဆီး၊ ကုန်ပစ္စည်းများ ယူဆောင်သွား
ဓာတ်ပုံ - AJAY

ရန်ကုန်တိုင်း ၊ မြောက်ဒဂုံမြို့နယ်ရှိ ၄၀ စျေးအား စစ်ကောင်စီတပ်ဖွဲ့က လာရောက်ဖျက်ဆီးပြီး ဈေးသူ၊ဈေးသားများ၏ ကုန်ပစ္စည်းများကိုပါ ယူဆောင်သွားကြောင်း မြေပြင်သပိတ်ရဲဘော်များထံက သိရသည်။

“သပိတ်ထွက်တဲ့နေရာကို စစ်ကောင်စီတပ်က လာရောက်ဖျက်ဆီးနေတယ်ဆိုတာကို သိရတယ်။ မနက်ရောက်တော့ ဈေးသူ၊ဈေးသားတွေရဲ့ရောင်းကုန်ပစ္စည်းတွေကို ကားပေါ်တင်သွားတာမျိုးတွေ၊ ဆိုင်ခန်းတွေအားလုံးကို ဖျက်ဆီးသွားတာမျိုးတွေ ကျွန်တော်တို့ ကြားရတယ်။ ပုံတွေလည်းမြင်ရပါတယ်” ဟု မြေပြင်သပိတ်တက်ကြွလှုပ်ရှားသူ ကိုရဲညီထက်က မဇ္ဈိမကိုပြောသည်။

ဓာတ်ပုံ - AJAY

ယမန်နေ့ နိုဝင်ဘာလ ၂၅ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့ရှိ ၄၀ဈေးတွင် တော်လှန်ရေးရဲဘော်များက လူထုသပိတ်ဖော်ဆောင်မှု ပြုလုပ်သွားပြီးနောက် ညပိုင်းတွင် စစ်ကောင်စီလက်အောက်ခံများက ဈေးအား လာရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“နောက်ဆက်တွဲပြဿနာကတော့ ဈေးထဲက ဈေးသူ၊ ဈေးသားတွေက ခံလိုက်ရတာပေါ့။ အဲ့အတွက်လည်း ကျွန်တော်တို့ အင်အားစုတွေက ထုတ်ပြန်ချက်တွေနဲ့ တောင်းပန်စာတွေ ပြင်ဆင်နေပါပြီ” ဟု ကိုရဲညီထက်က ဆက်ပြောသည်။

ဓာတ်ပုံ - AJAY

ယခုလုပ်ရပ်သည် စစ်ကောင်စီတပ်အနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် ပြည်သူအကြား သွေးကွဲ ဝေးကွာလာအောင် လူထုကိုအကြောက်တရားဖြင့် ဖိနှိပ်ချုပ်ခြယ်ခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် ကျရှုံးနေချိန်တွင် ယခုကဲ့သို့ ပြုမှုလုပ်ဆောင်နေခြင်းဖြစ်ကြောင်း တော်လှန်ရေးရဲဘော်များက မှတ်ချက်ပြုပြောသည်။

စာတည်း။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly