အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုကို စတင်လိုက်ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။
"အမျိုးသမီးတွေနဲ့ကလေးသူငယ်တွေအပေါ် ပိုပြီး မေတ္တာထားကူညီစောင့်ရှောက်ရမယ့်အစား စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုတွေ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အဓမ္မကျူးလွန်မှုတွေဟာအင်မတန် စက်ဆုပ်ရွံရှာစရာကောင်းပြီးလူသားအဖြစ်တောင် မသတ်မှတ်သင့်တဲ့ကိစ္စမျိုးတွေဖြစ်တယ်” လို့နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုရဲထွဋ်က ဆိုသည်။
ကျား/မအခြေပြု လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသည် ကဋိပက္ခဖြစ်ပွားချိန်အတွင်းသာမက သာမန်လူမှုဘဝများတွင်လည်း အိမ်ထောင်ဖက်က အဓမ္မပြုကျင့်ခြင်း၊ တစုံတဦးအား လိုက်လံချောင်းမြောင်း နှောင့်ယှက်ခြင်း၊ ဓလေ့ထုံးတမ်းစဥ်လာကျင့်ထုံးများဖြင့် အဟန့်အတားဖြစ်စေခြင်းနှင့် မျိုးဆက်ပွားအခွင့်အရေး ချိုးဖောက်ခံရခြင်များအထိ ပါဝင်နေသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)နှင့် ကရင်အမျိုးသမီးအစည်းအရုံး(KWO)၏ အစီရင်ခံစာက ဖော်ပြသည်။
"အခွင့်အရေးချိုးဖောက်ခံရတာတွေရှိတာပေါ့။ သားဆက်ခြားကိစ္စတွေမှာ ကိုယ်တိုင်ဆုံးဖြတ်ခွင့်မရတာ အခြားစိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတာ ကိုယ်ထိလက်ရောက်စော်ကားခံခဲ့ရတယ်။ ဒါပေမဲ့ အဲဒီအကြောင်းတွေကို အသေးစိတ်မပြောရဲဘူး။ ကျွန်မယောကျ်ားပြန်သိရင် သူ့ကိုဂုဏ်သိက္ခာကျစေတယ်ဆိုပြီး ပြဿနာရှာနိုင်တယ်”ဟု ကလေးသုံးယောက် မိခင်ဒေါ်မာဇင်က ပြောပါတယ်။
၂၀၂၁ ခုနစ် စစ်ကောင်စီတပ် အာဏာသိမ်းချိန်မှစ၍ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ နေ့စဥ်ဘဝလုံခြုံရေးမှာ အထူးစိုးရိမ်ဖွယ်ရာ ဖြစ်နေကြောင်း၊ အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ်အသုံးပြုနေပြီး အဆိုပါကျူးလွန်မှုများမှာ စစ်ကောင်စီတပ်နှင့် ယင်းတို့၏ လက်အောက်ခံနယ်ခြားစောင့်တပ်များ၊ ပြည်သူ့စစ်၊ ရဲတပ်ဖွဲ့ဝင် အကျဥ်းထောင်ဝန်ထမ်း၊ ပျူစောထီးများ ပါဝင်နေကြောင်း၂၀၂၃ခုနစ် ဇွန်လတွင် ပြုလုပ်သော ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပပျောက်ရေး အမျိုးသမီးများ နှီးနှောဖလှယ်ပွဲ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအသီးသီးက (၁၆)ရက်တာလှုပ်ရှားမှုအဖြစ် နှစ်စဉ်ကျင်းပလေ့ရှိပြီး ယခုနှစ်အတွက် ဆောင်ပုဒ်မှာ ‘ အမျိုးသမီးနှင့် မိန်းကလေးများကို ကာကွယ်ရန် အတူတကွ ပါဝင်ပံ့ပိုးစို့’ (United invest to prevent violence against women and girls)ဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခများကြား အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်ခြင်းခံရသူ အမျိုးသမီး ၂၂၃ ဦးရှိနေသည်ဟု နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP)၏ စာရင်းများအရသိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး