လောင်းလုံးတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှု ပြုလုပ်

By ကိုရွှေမြိတ် (မဇ္ဈိမ)
26 November 2023
လောင်းလုံးတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှု ပြုလုပ်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယမန်နေ့ နိုဝင်ဘာ ၂၅ ရက်နေ့ နေ့လယ်ပိုင်းက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် လူထု လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံက သိရသည်။

အဆိုပါ လှုပ်ရှားမှုကို နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂ (RWU) အဖွဲ့မှ ဦးဆောင်ကာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်ရေးနှင့် စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သည်ဟု ဦးဆောင်သူများက ပြောသည်။

“ကျွန်မတို့ အမျိုးသမီးတွေဟာ ခေတ်ကာလ ရှည်ကြာ လိင် အကြမ်းဖက်ခံရတာ၊ လူမှုရေး အရ အကြမ်းဖက်ခံရတာ၊ အိမ်တွင်း အကြမ်းဖက်ခံရတာတွေ အပြင် နည်းမျိုးမျိုးနဲ့ ခွဲခြား ဆက်ဆံ အကြမ်းဖက် ခံရတာတွေကို ရင်စည်း ခံစားခဲ့ကြရပါတယ်။ ဒီတော့ ကျွန်မတို့ အနေနဲ့ အမျိုးသမီးတွေကို ခွဲခြား ဆက်ဆံ အကြမ်းဖက် အနိုင်ကျင့်တတ်တဲ့ လူ့အဖွဲ့အစည်းရဲ့ အတွေးအခေါ် ဟောင်းတွေကို အာဏာရှင်စနစ်နဲ့အတူ အပြီးတိုင် ဖယ်ရှားပြီး လွတ်လပ် လုံခြုံတဲ့ ဘဝတွေ အတွက် ဆက်လက် တိုက်ပွဲ ဝင်သွားကြဖို့ အတွက် ပြုလုပ်တာ ဖြစ်တယ်”လို့ ဦးဆောင်သူက ပြော သည်။

ယင်း လှုပ်ရှားမှုတွင် ဒေသခံအမျိုးသမီး‌ လူငယ်များ၏ ပူးပေါင်း ပါဝင်ပြီး ‘အမျိုးသမီးထုရဲ့တိုက်ပွဲ အကြမ်းဖက်မှု မှန်သမျှ အဆုံးသတ် ဆင်နွှဲ’ဆိုသည့် ဘန်နာနှင့် အတူ ချီတက် လှုပ်ရှားခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima

#လောင်းလုံ

#အကြမ်းဖက်မှုပပျောက်ရေးနေ့အထိမ်းအမှတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly