လိုင်လင်းပီမြို့တွင် မရာပြည်သူ့အုပ်ချုပ်ရေး ဖွဲ့စည်းမည်ဟုဆို

By ပါခွီး (မဇ္ဈိမ)
26 November 2023
လိုင်လင်းပီမြို့တွင် မရာပြည်သူ့အုပ်ချုပ်ရေး ဖွဲ့စည်းမည်ဟုဆို
 ပုံအညွှန်း-တိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် ခဲယမ်းများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ။(ဓါတ်ပုံ -CDF-Mara)

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊လိုင်လင်းပီမြို့တွင် မရာပြည်သူ့အုပ်ချုပ်ရေး လည်ပတ်နိုင်ရန် စနစ်တကျ တာဝန်ယူ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ကြားကာလ မရာနယ်ကောင်စီ တာဝန်ရှိသူထံက သိရသည်။

“ကြားကာလ မရာနယ်ကောင်စီ ဖွဲ့ထားပါတယ်။ အဲဒီအောက်မှာ ကော်မတီလေးခုရှိပြီး ဒေသကောင်စီခြောက်ခုနဲ့ အုပ်ချုပ်ရေး လည်ပတ်သွားဖို့ ပြင်ဆင်နေပါတယ်” ဟု ကြားကာလ မရာနယ်ကောင်စီ အမှုဆောင်အရာရှိချုပ် ကိုဂျိမ်းက မဇ္စျိမကိုပြောသည်။

ကောင်စီအောက်တွင် ပညာရေး ၊ ကျန်းမာရေး ၊ လူသားချင်းစာနာထောက်ထားရေး ၊ CDM စသည့် ကော်မတီလေးခုနှင့် ဒေသအတွင်းရှိ ကျေးရွာကောင်စီ ခြောက်ခု ဖွဲ့ စည်းထားခြင်းဖြစ်ကြောင်းဆိုသည်။

ယင်းအပြင် မရာကောင်စီအနေဖြင့် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် တိမ်းရှောင်သွားသော လိုင်လင်းပီဒေသခံများ နေရာပြန်လည်ချထားနိုင်ရန် ကော်မတီတခု ဖွဲ့စည်းဆောင်ရွက်သွားရန် ရှိသည်ဟု သိရသည်။

လိုင်လင်းပီမြို့တွင် အထိုင်ချတပ်စွဲထားသော ခလရ (၃၀၄)စခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လွတ်မြောက်လာသောနယ်မြေ ဖြစ်လာသည့်အတွက် ပြည်သူ့အုပ်ချုပ်ရေးဖြင့် အစားထိုးရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

လိုင်လင်းပီမြို့တပ်စခန်းရှိ စစ်ကောင်စီတပ်သားများကို နိုဝင်ဘာလ ၁၉ရက်နေ့တွင် လက်နက်ချ အညံ့ခံရန်နှင့် ပြည်သူ့ဘက်ပူးပေါင်းရန် အသိပေးခဲ့ပြီး တုံ့ပြန်မှုမရှိသောကြောင့် ယင်းနေ့ ညနေ ၄နာရီအချိန်တွင် စတင်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၂၄ရက် ညနေ ၃ နာရီတွင် စစ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှ ဗိုလ်မှူးစိုးထိုက် အပါအဝင် ရုပ်အလောင်းသုံးလောင်း တွေ့ရှိရကာ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိကြောင်း CDF – Mara၏ နိုဝင်ဘာလ ၂၅က်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းစစ်ကောင်စီတပ်စခန်းမှ အင်အား ၃၀ ခန့်သည် အိန္ဒိယ - မြန်မာနယ်စပ်သို့ ဦးတည်ကာ တောလမ်းမှတဆင့် စခန်းကို စွန့်ခွာထွက်ပြေးရာ ချင်းတော်လှန်ရေးတပ် ဖွဲ့များက လိုက်လံရှာဖွေလျက်ရှိပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်ကြောင်း ကိုဂျိမ်းက ဆက်ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ၁၀ကြိမ်ထက် မနည်း လာရောက်ပြီး ၂၉ကြိမ် ဗုံးကြဲတိုက်ခိုက်ရာ  အသက် ၅၀ နှစ် အရွယ် ဒေသခံအမျိုးသား သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရကာ လူနေအိမ် ၁၆လုံးပျက်စီးခဲ့ကြောင်း CDF – Mara ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့စစ်ကောင်စီတပ်က  ထပ်မံဗုံးကြဲတိုက်ခိုက်လာနိုင်ခြေ ရှိသောကြောင့် လိုင်လင်းပီမြို့မှ အနီးနားကျေးရွာများနှင့် အိန္ဒိယနိုင်ငံမီဇိုရမ်ဖက်သို့ ထွက်ပြေးခိုလှုံခဲ့သော စစ်ဘေးရှောင်ပြည်သူများ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားရာ လိုင်လင်းပီမြို့သည် ရပ်ကွက်နှစ်ခုရှိပြီး အိမ်ခြေ ၆၀၀ခန့်နှင့် လူဦးရေ ၃,၀၀၀ ခန့် စစ်ဘေးတိမ်းရှောင်လျက်ရှိနေကာ ၎င်းတို့အတွက် စားနပ်ရိက္ခာ နှင့် ဆေးဝါးအကူအညီများ လိုအပ်နေကြောင်း မရာနယ်ကောင်စီ အမှုဆောင်အရာရှိချုပ် က ပြောသည်။

နိုင်ငံအဝန်း စစ်ကောင်စီတပ်စခန်းများနှင့် မြို့များကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နေစဥ် ချင်းပြည်နယ်၊ ဖလမ်းမြို့ နယ် ၊ရိဒ်ခေါဒါရ်မြို့ကို နိုဝင်ဘာလ ၁၃ရက်နေ့တွင် ချင်းတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယခု  မတူပီမြို့နယ် ၊ လိုင်လင်းပီမြို့သည် ဒုတိယမြောက် လွတ်မြောက်သောမြို့ ဖြစ်လာသည်။

စာတည်း။           ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#Mizzima
#ချင်းပြည်နယ်
#လိုင်လင်းပီမြို့
#မရာပြည်သူ့အုပ်ချုပ်ရေး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly