ဗင်နီဇွဲလားတွင် လျှပ်စစ်ဓါတ်အားမလုံလောက်သဖြင့် အစိုးရဝန်ထမ်းများ တစ်ပတ် ၂ ရက်သာ အလုပ်ဆင်းရန် ညွှန်ကြား

ဗင်နီဇွဲလားတွင် လျှပ်စစ်ဓါတ်အားမလုံလောက်သဖြင့် အစိုးရဝန်ထမ်းများ တစ်ပတ် ၂ ရက်သာ အလုပ်ဆင်းရန် ညွှန်ကြား

ကာရက်ကက်စ်၊ ဧပြီ၊ ၂၇ ။            ။ ဗင်နီဇွဲလားနိုင်ငံတွင် လျှပ်စစ်ဓါတ်အားမလုံလောက်သဖြင့် အစိုးရဝန်ထမ်းများကို တစ်ပတ်လျှင် ၂ ရက်သာ အလုပ်ဆင်းရန် အာဏာပိုင်များက ညွှန်ကြားလိုက်သည်။

ဗင်နီဇွဲလားတွင် မိုးခေါင်ရေရှားပြီး လျှပ်စစ်ဓါတ်အားလိုအပ်ချက်ပြည့်မီအောင်မရရှိခြင်းကို ယာယီဖြေရှင်းသည့် အစီအမံတစ်ရပ်အနေဖြင့် အစိုးရက သူ၏ဝန်ထမ်းများကို လျှပ်စစ်မီးပြဿနာပြန်လည်ပြေလည်သည်အထိ တစ်ပတ်လျှင် တနင်္လာ၊အင်္ဂါ ၂ ရက်သာ အလုပ်ဆင်းရန်ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။

ဗင်နီဇွဲလားတွင် မိုးခေါင်ရေရှားမှုကို ဆိုးဆိုးရွားရွားခံစားနေရပြီး အဓိကရေအားလျှပ်စစ်ဆည်ကြီးတွင် ရေသိသိသာသာ လျော့နည်းသွားခြင်းကြောင့် လျှပ်စစ်မီးအတွက် အခက်အခဲဖြစ်လျှက်ရှိသည်။

အတိုက်အခိုက်များကမူ အစိုးရ၏ယခုအစီအမံကို မယောင်ရာဆီလူး စီမံခန့်ခွဲမှုဟု ဝေဖန်လျှက်ရှိသည်။

နိုင်ငံတဝမ်းရှိ အစိုးရဝန်ထမ်း ၂ သန်းခန့်အပေါ်သက်ရောက်မှုရှိမည့် အဆိုပါအစီအမံကို ဗင်နီဇွဲလားဒုသမ္မတ က နိုင်ငံပိုင်ရုပ်သံလိုင်းမှတဆင့် ကြေညာသွားခဲ့ခြင်း ဖြစ်သည်။

'' မဖြစ်မနေလုပ်ရမယ့်အလုပ်တွေအတွက်ကလွဲပြီး ဗုဒ္ဓဟူး၊ ကြာသာပတေး နဲ့ သောကြာနေ့ တွေမှာ အစိုးရဌာနတွေမှာ လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်ခြင်းရှိမှာ မဟုတ်ပါဘူး '' ဟု ဒုသမ္မတ အရစ္စတိုဘူလိုအစ္စတူရစ်ဇ် က ပြောကြားသွား ခဲ့သည်။

သမ္မတ နီကိုးလက်စ်မာရူဒိုသည် လျှပ်စစ်သုံးစွဲမှုကိုလျှော့ချရန်အတွက် ဧပြီ နှင့် မေလများအတွင်းတွင် အပတ်စဉ် သောကြာနေ့တိုင်းကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြေညာပြီး ဖြစ်သည်။

ဗင်နီဇွဲလားအနေဖြင့် အယ်လ်နီညိုဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားနေရပြီး မိုးကျသည့်အခါတွင် အစိုးရဌာနများ ပုံမှန်အတိုင်းအလုပ်ပြန်လုပ်သွားမည်ဖြစ်ကြောင်းလည်း သမ္မတမာရူဒို က ပြောကြားထားသည်။

ဗင်နီဇွဲလားအစိုးရသည် လျှပ်စစ်ဓါတ်အားမလုံလောက်ခြင်းအတွက် အခြားသောဖြေရှင်းနည်းများကိုလည်း ဆောင်ရွက် ထားသေးရာ ဖေဖော်ဝါရီလအတွင်းကဈေးဝယ်စင်တာများကို ဖွင့်လှစ်ချိန်လျှော့ချရန်ညွှန်ကြားခဲ့သည်။

ထို့အပြင် ယခုအပတ်အစောပိုင်းကလည်း ညနေပိုင်းတွင် လျှပ်စစ်ဓါတ်အားသုံးစွဲမှုလျော့ကျစေရန်အတွက် အစိုးရဌာန များတွင် နာရီများကို နာရီဝက်ခန့်မြန်ထားခဲ့သေးသည်။

လျှပ်စစ်မီးမလုံလောက်မှုပြဿနာကြောင့် ဗင်နီဇွဲလားနိုင်ငံ၏ စီးပွားရေးအကျပ်အတည်းပြဿနာမှာ ပိုမိုဆိုးရွားလျှက်ရှိပြီး စီးပွားရေးလုပ်ငန်းရှင်များနှင့် အတိုက်အခံနိုင်ငံရေးခေါင်းဆောင်များကမူ အစိုးရ၏စီမံခန့်ခွဲပုံညံ့ဖျင်းမှုကြောင့် လျှပ်စစ်ဓါတ်အားမလုံလောက်မှု၊ အခြေခံကုန်ပစ္စည်းများပြတ်လပ်မှု တို့နှင့်ရင်ဆိုင်နေရခြင်းဖြစ်သည်ဟု ဝေဖန်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly