ရိခေါဒါရ်မြို့ အိန္ဒိယ-မြန်မာ နယ်စပ်တံတားပေါ်က ဆိုင်းဘုတ်စာသားကို  “CHINLAND” ဟု ပြောင်းလဲရေးသား

By ကိုခင်မောင် (မဇ္ဈိမ)
25 November 2023
ရိခေါဒါရ်မြို့ အိန္ဒိယ-မြန်မာ နယ်စပ်တံတားပေါ်က ဆိုင်းဘုတ်စာသားကို  “CHINLAND” ဟု ပြောင်းလဲရေးသား
ပုံအညွှန်း။  ။ ရိဒ်ခေါဒါရ်မြို့ အန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေးတံတား  ဓာတ်ပုံ။   ။ Hualngoram People Organization

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့ရှိ အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးတံတားပေါ်က ဆိုင်းဘုတ်တွင် ရေးသားထားသော  “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်” အစား “CHINLAND" ဟု  ပြောင်းလဲရေးသားခဲ့သည်ဟု Hualngoram People Organization (HPO) ထံမှ သိရသည်။

“ကျွန်တော်တို့ အလံတော်ကို ထောင်တယ်။ ချင်းပြည်ကို အင်္ဂလိပ်လိုနဲ့ CHINLANDလို့ ရေးသားပြီးတော့ ဆိုင်းဘုတ်ကို တပ်လိုက်တာပေါ့နော်။ ကျွန်တော်တို့ အခုက ဖက်ဒရယ်ယူနစ်အတွက် ပြင်ဆင်နေတဲ့အနေအထားမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို စပြီးကျင့်သုံးမှာပေါ့နော်။ ကျွန်တော်တို့ ကိုယ့်မြေ ကိုယ့်နေရာ ကိုယ့်လယ်ကို ကောင်းကောင်းမွန်မွန် ကိုင်တွယ်ဆောင်ရွက်နိုင်ဖို့ရန်အတွက် ပထမခြေလှမ်းအနေနဲ့ ကြိုးစားရခြင်းဖြစ်ပါတယ်။” ဟု Hualngoram People Organization (HPO) အထွေထွေအတွင်းရေးမှူး ဂျွန်ရိုဗာက မဇ္စျိမအားပြောသည်။

အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးတံတားပေါ်က ဆိုင်းဘုတ်စာသားကို နိုဝင်ဘာလ ၂၄ရက်နေ့ ည ၁၀နာရီအချိန်တွင် ပြောင်းလဲရေးသား တပ်ဆင်ထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆိုင်းဘုတ်အရှေ့ဘက်တွင် “ CHINLAND” ဟု ရေးသားထားပြီး ကျောဘက်တွင် “ WELCOME TO CHINLAND” ဟု ရေးသားထားသည်ကို HPO မှ ပို့ပေးသော မှတ်တမ်းဓာတ်ပုံတွင် တွေ့ရသည်။

စစ်အာဏာရှင်ကိုတော်လှန်ရာတွင် ချင်းအမျိုးသားများသည် အဖွဲ့အစည်း အမည်နာမ ကွဲသော်ငြားလည်း တစုတစည်းတည်းချီတက်ပြီး တလှိုင်းပြီးတလှိုင်း တိုက်ပွဲများဆင်နွဲနေခြင်းဖြစ်ပြီး ယခုကဲ့သို့ အလံထူ ဆိုင်းဘုတ်တပ်ဆင်ခြင်းသည်လည်း ချင်းအမျိုးသားများမှ တပ်ဆင်ခြင်းဖြစ်သည်ဟု HPO  အတွင်းရေးမှူး ဂျွန်ရိုဗာက ဆိုသည်။

ရိဒ်ခေါဒါရ်မြို့အတွင်းရှိ Chinland Defense Force -Hualngoram ထိန်းချုပ်မှုအောက်တွင် ဟွားလ်ငိုးဒေသ ပညာရေးရုံးကိုလည်း  အောင်မြင်စွာဖွင့်လှစ်နိုင်သည်ဟု Chinland Defense Force -Hualngoramအဖွဲ့က နိုဝင်ဘာလ ၂၂ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

ရိဒ်ခေါဒါရ်မြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းနှစ်ခုကို CNA ၊ CDF – Zanniatram ၊ People Defence Army (PDA) ၊ CDF – Thantlang နှင့် ဒေသအခြေစိုက် CDF – Hualngoram ပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာလ ၁၃ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့ကိုထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။

 ရိဒ်ခေါဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ချင်းတော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ချင်းပြည်နယ်အတွင်း ပထမဦးဆုံး လွတ်မြောက်ခဲ့သည့် မြို့ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzim‌a
#ရိဒ်ခေါဒါရ်မြို့
#PDA
#ကုန်သွယ်ရေးတံတား
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly