ရွှေပန်းကုံး ရဲစခန်းကို PDF တိုက်ခိုက်ပြီး စခန်းမှူး အပါအဝင် ၁၆ ဦးကို ဖမ်းဆီး

By MTO၊ 007 (မဇ္ဈိမ)
25 November 2023
ရွှေပန်းကုံး ရဲစခန်းကို PDF တိုက်ခိုက်ပြီး စခန်းမှူး အပါအဝင် ၁၆ ဦးကို ဖမ်းဆီး
ပုံအညွှန်း - ဖမ်းဆီးရမိသည့် ရဲတပ်ဖွဲ့ဝင်များ နှင့် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကိုတွေ့ရစဉ် ဓါတ်ပုံ - အမှတ် (၁) စစ်ဒေသ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရွှေပန်းကုံးကျေးရွာရှိ ရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးပြီး စခန်းမှူး အပါအဝင် ၁၆ ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း NUG အမှတ် (၁) စစ်ဒေသက ယနေ့ နိဝင်ဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည်။

ထို့ပြင် လက်နက်နှင့် ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ဆိုသည်။

ယင်းရွှေပန်းကုံး ရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာလ ၂၁ ရက်နေ့တွင် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စခန်းတခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။

စခန်းအတွင်းမှ လက်နက်ငယ် ၃၁ လက်၊ ကျည်မျိုးစုံ ၆,၄၀၀ ကျော်၊ လက်ပစ်ဗုံး ၃၂ လုံး၊ မိုင်း ခြောက်လုံး၊ ကျည်အိမ် ၃၈ ခု၊ ငွေကျပ် သိန်း ၉၀၀,၀၀၀ ကျော်နှင့် ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက  ထုတ်ပြန်သည်။

တိုက်ပွဲ၌ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ကြောင်း သိရသည်။ 

လက်ရှိမှာ ရွှေပန်းကုံးကျေးရွာက ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

“ရွှေပန်းကုံး စခန်းကို မီးရှို့ လိုက်တယ်၊ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေက ဝက်လက်မြို့နယ်ထဲမှာ တကြောင်း အရာတော်ဘက်က တကြောင်းကလည်း ဒီဘက်ကို ဦးတည်လာနေတယ်၊ ရွှေပန်းကုံး ရွာက ပြည်သူတွေကတော့ ရှောင်နေရပြီ “ ဟု ဒေသခံတဦးက ပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ခံလိုက်ရပြီး အထိနာသွားသည့် စစ်ကောင်စီသည် ရဲစခန်းအနီးဝန်းကျင်ကို တိုက်ခိုက်ရေး လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ရွှေပန်းကုံး ကျေးရွာသည် အိမ်ထောင်စုပေါင်း ၁,၀၀၀ ကျော်ရှိသည့် စံပြကျေးရွာကြီးဖြစ်ပြီး လက်ရှိမှာ စစ်ဘေးရှောင်နေရသည့်အတွက် အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေကြောင်းဒေသခံများက ပြောသည်။

ရွှေပန်းကုံးကျေးရွာ စခန်းသိမ်းတိုက်ပွဲကို အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေး၏ ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများဖြစ်သည့် ဝက်လက်မြို့နယ် ပကဖ၊ လှတောတိုက်နယ် ပကဖ၊ ရွှေပန်းကုံးတိုက်နယ် ပကဖနှင့် ရွာသာကြီးတိုက်နယ် ပကဖ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဝက်လက်မြို့နယ် အနောက်ခြမ်းရှိ ဥယျာဉ်မကျေးရွာနှင့် လှတောကျေးရွာအနီး ဝန်းကျင်ကို ယမန်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး လက်ရှိမှာ လှတောကျေးရွာအတွင်း တပ်စွဲထားသည်။

စာတည်း။   ။ နောင်နောင်

#လှတော
#ရွှေပန်းကုံး
#ဝက်လက်
#Mizzima
#စခန်းသိမ်းတိုက်ပွဲ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly