ဖလမ်းမြို့တွင် ၁ ပတ်အတွင်း စခန်း ၂ခု စစ်ကောင်စီစွန့်ခွာ

By ပါခွီး (မဇ္ဈိမ)
24 November 2023
ဖလမ်းမြို့တွင် ၁ ပတ်အတွင်း စခန်း ၂ခု စစ်ကောင်စီစွန့်ခွာ

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ထင်းရှုးစခန်းမှ  စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များသည်  စခန်းကို စွန့်ခွာထွက်ပြေးသွားကြောင်း ချင်းအမျိုးသား ကာကွယ် ရေးတပ်ဖွဲ့ (CNDF) ထံမှသိရသည်။

ရဲ ၁၅ဦးအပါအဝင် စုစုပေါင်း ၂၆ဦးဖြင့်တပ်စွဲထားသည့် အဆိုပါစခန်းမှ  စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၂၂ရက်နေ့တွင် ထွက်ပြေးသွားခဲ့ခြင်းဟု သိရသည်။

“အဲဒီစခန်းကို ကျနော်တို့ သွားပစ်တာရှိပါတယ်။ လူအင်အားမလုံလောက်တော့တဲ့အတွက် မြို့ပေါ်အင်အားဖြည့်ဖို့ စခန်းကိုစွန့်သွားတယ်လို့ထင်ပါတယ်” ဟု CNDF ပြောရေးဆိုခွင့်ရှိသူက မဇ္စျိမ ကိုပြောသည်။

စခန်းအတွင်းဝင်ရောက်ရှင်းလင်းရာ ဆန်အိတ် ၁၀၀ကျော်အပါအဝင်စားနပ်ရိက္ခာများကို သိမ်းဆည်းရရှိခဲ့ကြောင်းဆိုသည်။ထွက်ပြေးသွားသောစစ်ကောင်စီတပ်ဖွဲ့ဝင်များသည်  ဖလမ်းမြို့ပေါ်ရှိ ခလရ (၂၆၈) သို့ ပူးပေါင်းသွားသည်ဟု ချင်းကာကွယ်ရေးရဲဘော်များက ယူဆထားသည်။

ဖလမ်းမြို့နယ်ရှိ  ဗါးရ်တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၁၅ရက်နေ့တွင် စွန့်ခွာထွက်ပြေးသွားခဲ့သေးသည်။ ထို့ကြောင့် ဖလမ်းမြို့နယ်တွင်  ရက်သတ္တပတ်တပတ်အတွင်း  စစ်ကောင်စီစခန်းနှစ်ခုမှ တပ်ဖွဲ့ဝင်များ သည် တိုက်ပွဲဖြစ်နေချိန်ဟုတ်ဘဲ တိတ်တဆိတ်ဆုတ်ခွာသွားခြင်းဟု ချင်းကာကွယ်ရေးရဲဘော်အချို့ကပြောသည်။

ဖလမ်းမြို့နှင့် ကလေးမြို့အကြားဆက်သွယ်သောကားလမ်းမကြီးကို နိုဝင်ဘာလ ၂၂ရက်နေ့မှစ၍ လုံခြုံရေးအခြေအနေအရ  အများပြည်သူများအသုံးမပြု ရန် ပိတ်ပင်ထားခဲ့ရာ ယနေ့နိုဝင်ဘာလ၂၄ရက်မှစ၌ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း  ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) ထုတ်ပြန်ထားသည်။ ထို့အပြင် ဖလမ်းမြို့နယ်၊ဗါးရ်တံတားအနီးတွင် စစ်ကောင်စီတပ် ထောင်ထားသော မိုင်းများရှိနေသေးသောကြောင့် မိုင်းအန္တရာယ်သတိပြုရန် ဒေသခံများအား သတိပေးထားသည်။

ချင်းပြည်နယ်တွင် နိုဝင်ဘာလ ဒုတိယလပတ်မှ စ၍ စစ်ကောင်စီစခန်းများကို ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အရှိန်မြှင့်တိုက်ခိုက်ခဲ့သည်။ ယနေ့ နိုဝင်ဘာလ ၂၄ရက်တွင်လည်း မြန်မာ -အိန္ဒိယနယ်စပ်ရှိ မတူပီမြို့နယ်၊လိုင်လင်းပီမြို့စစ်စခန်းကို  ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။

စာတည်း - အေးချမ်း
#Mizzima
#ဖလမ်းမြို့
#ထင်းရှုးစခန်း
#စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်များ
#စခန်းစွန့်ခွာထွက်ပြေး
#CNDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly