စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ပုဏ္ဏားကျွန်းမြို့မစျေး မီးလောင်

By ရွှေနွယ်(မဇ္ဈိမ)
24 November 2023
စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ပုဏ္ဏားကျွန်းမြို့မစျေး မီးလောင်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ မြို့မစျေးသည် ယနေ့ နိုဝင်ဘာ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ အချိန်ခန့်က စစ်ကောင်စီ၏ နေဗီစစ်သင်္ဘောမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် မီးလောင်ကျွမ်းနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

" ၃ နာရီနီးပါးလောက်က လောင်တာ။ မငြိမ်းသေးဘူး။ စစ်ကောင်စီလှမ်းပစ်လိုက်တဲ့ လက်နက်ကြီးကြောင့်ပါ။ မီးမနိုင်သေးဘူး။ စျေးတခုလုံးလောင်သွားပြီ" ဟု ယနေ့ ညနေ လေးနာရီအချိန်ခန့်တွင် ပုဏ္ဏားကျွန်းဒေသခံအမျိုးသမီးတဦးမှ မဇ္ဈိမကိုပြောသည်။

မဇ္ဈိမမှ ဆက်သွယ်မေးမြန်းသည့် ညနေ လေးနာရီအချိန်ခန့်အထိ မီးသတ်နှင့်အတူ မြို့ခံများပါ ဝိုင်းဝန်းမီးငြိမ်းသတ်နေကြဆဲဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ မီးငြိမ်းနေတုန်းပဲဗျ။ ငြိမ်းမနိုင်သေးလို့ မဖြေအားသေးပါ” ဟု ပုဏ္ဏားကျွန်းမြို့ ရွှေရောင်မေတ္တာ ပရဟိတဖောင်ဒေးရှင်း အဖွဲ့ဝင်တဦးကလည်း ပြောသည်။

ယမန်နေ့ နိုဝင်ဘာ ၂၃ ရက်နေ့ ည ၁၁ နာရီ မိနစ် ၅၀ အချိန်ခန့်ကလည်း စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ပုဏ္ဏားကျွန်းမြို့ ရွှေဦးရာဇ်မိုးကုတ်ဘုန်းတော်ကြီးကျောင်းကျောင်းဆောင်တခု မီးလောင်ပျက်စီးကာ ကျောင်းရှိ စစ်ဘေးရှောင်အမျိုးသမီးတဦး ဦးခေါင်း ကျည်စထိမှန်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရှိရသည်။

အဆိုပါ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူပိုင် နေအိမ်နှစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly