မတ္တရာ သုံးဆယ်ပေးရွာတိုက်ပွဲတွင် မန္တလေးပျူခေါင်းဆောင် စနိုက်ပါဖြင့် ပစ်သတ်ခံရ

By 007(မဇ္စျိမ)
24 November 2023
မတ္တရာ သုံးဆယ်ပေးရွာတိုက်ပွဲတွင် မန္တလေးပျူခေါင်းဆောင် စနိုက်ပါဖြင့် ပစ်သတ်ခံရ
ပုံစာ - သုံးဆယ်ပေးရွာတိုက်ပွဲတွင် တွေ့ရသည့် ပကဖစနှိုက်ဘာသမားတစ်ဦး ၊ Photo GZP MDY

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် သုံးဆယ်ပေးကျေးရွာတွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင်၊ မန္တလေးမြို့က နာမည်ဆိုးဖြင့်ကျော်ကြားသည့် ပျူစောထီးခေါင်းဆောင်ဘိုဟိန်းဆိုသူ စနိုက်ပါဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံနှင့်တော်လှန်ရေး အင်အားစုများထံက သိရသည်။

နို၀င်ဘာလ ၁၉ ရက်နေ့က၊ မတ္တရာမြို့နယ် သုံးဆယ်ပေးကျေးရွာတွင်ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲအတွင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်က ပစ်လိုက်သည့် စနိုက်ပါကျည်ဆန်ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“လူမိုက်မွေးပြီး အုပ်စုဖွဲ့ရမ်းကားတဲ့ ပျူဘိုဟိန်း မတ္တရာမှာပစ်သတ်ခံရတယ်၊ နာရေးကို အရပ်ထဲမှာမလုပ်ဘူးဗျ၊ နန်းတွင်းထဲ လုပ်ခဲ့တယ်လို့ပဲ ပြန်သိရတယ်” ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့်နီးစပ်သည့် ချမ်းမြသာစည်မြို့နယ်မှ ဒေသခံတဦးက ပြောသည်။

မန္တလေးမြို့နှင့် ငါးမိုင်ခန့်သာကွာဝေးသည့် သုံးဆယ်ပေးကျေးရွာအတွင်းအထိုင်ချတပ်စွဲထားသော ပျူစောထီး စခန်းကို ထိုနေ့နံနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းပြီး မောင်းသူမဲ့လေယာဉ်ငယ်များဖြင့် ကနဦးဗုံးကြဲချကာ လက်နက်ငယ်များဖြင့် ၀င်ရောက်တိုက်ခိုက်ခဲ့သည်။

ထို့နောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှ ပျူစောထီးနှစ်ဦးနှင့် စစ်ကောင်စီတပ်သား နှစ်ဆယ်ကျော် သေဆုံးကြောင်း တိုက်ပွဲတွင်ပါ၀င်ခဲ့သည့် တော်လှန်ရေးအင်အားစုများက သတင်းအသီးသီးထုတ်ပြန်ကြ သည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ တိုက်ပွဲအတွင်းပါ၀င်ခဲ့သည့် မတ္တရာ ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့-မတ္တရာ မြို့နယ်)နှင့် မဇ္စျိမကဆက်သွယ်မေးမြန်းကြည့်ရာ ဟုတ်မှန်ကြောင်း၊ မတ္တရာ ပကဖပြန်ကြားရေးတာ၀န်ရှိသူက ပြန်လည်ဖြေကြားပေးသည်။

ကာကွယ်ရေးတပ်ဖွဲ့၀င်များလက်ချက်ဖြင့် သေဆုံးခဲ့သည့် ပျူစောထီးနှစ်ဦးနှင့်ပတ်သက်၍ တဦးသည် မန္တလေးမြို့မှ နာမည်ဆိုးဖြင့် ကျော်ကြားသည့် အနီရောင်သွေးသောက်အဖွဲ့၀င် ပျူစောထီးခေါင်းဆောင် ဘိုဟိန်းဖြစ်ကြောင်း၊ ၎င်းသည် ချမ်းမြသာ စည်မြို့နယ် မြို့သစ်(၁)ရပ်ကွက်၊ အောင်ဆန်းလမ်းနှင့် မီးရထားသံလမ်းအနီးနေထိုင်သူဖြစ်ကြောင်း၊ စစ် ကောင်စီ၏ မြို့သစ်ကျူးကျော်ရှင်းလင်းရေးတွင်ပါ၀င်ခဲ့ရာမှ ဒေသခံများအားငွေကြေးလိမ်လည်ခြင်း၊ ငွေညှစ် အနိုင်ကျင့်ခြင်းများပြုလုပ်ခဲ့သူဖြစ်ကြောင်း သိရပြီး နောက်တဦးနှင့်ပတ်သက်၍ မသိရသေးပေ။

အဆိုပါတိုက်ခိုက်မှုကို မတ္တရာပကဖ(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မတ္တရာမြို့နယ်)၊ ပုသိမ်ကြီးမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့(ပုသိမ်ကြီးပကဖ)၊ ပြင်ဦးလွင်ခရိုင်ပကဖ၊ GZP, BRA, Thunderbird LDF၊ ကောင်းကင် တော်လှန်ရေးအင်အားစုနှင့် Shar Htoo Waw နည်းပညာသုံး ဒရုန်း Team တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

နို၀င်ဘာလ ၂၁ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း တမူးမြို့နယ် အင်တိုင်းကျေးရွာအုပ်စု ထန်းတပင်ကျေးရွာရှိ ကြံ့ခိုင်ရေးအမတ်ဟောင်းဦးဆောင်သော ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်ရာ ပျူစောထီးခေါင်းဆောင် ကြံ့ခိုင်ရေးအမတ်ဟောင်းဦးမြင့်မောင်အပါအ၀င် ပျူစောထီး ငါးဦးကိုဖမ်းဆီးရမိကြောင်း၊ ထိုအထဲမှ သုံးဦးက ထွက်ပြေးသဖြင့်လိုက်ဖမ်းရာမှ လက်လွန်သွားကြောင်း တမူးခရိုင် PDF တပ်ရင်း(၄)က သတင်းထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required