ပခုက္ကူ၊ ပန်းတိုင်းခြုံကျေးရွာတိုက်ပွဲ စစ်ကောင်စီဘက်မှ ၁၆ ဦးထက်မနည်းသေဆုံးဟုဆို

ပခုက္ကူ၊ ပန်းတိုင်းခြုံကျေးရွာတိုက်ပွဲ စစ်ကောင်စီဘက်မှ ၁၆ ဦးထက်မနည်းသေဆုံးဟုဆို

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ပန်းတိုင်းခြုံကျေးရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ ဝင် ၁၆ ဦးထက်မနည်း သေဆုံးသွားကြောင်း Southern YSO PDF အဖွဲ့က ယမန်နေ့ နိုဝင်ဘာလ ၂၃ရက်တွင် သတင်းထုတ်ပြန်သည်။

ပန်းတိုင်းခြုံကျေးရွာရှိ စစ်ကောင်စီစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီတွင်  စစ်ကြောင်းသုံးကြောင်း ခွဲ၍ အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဟု Southern YSO PDF အဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။

“ တိုက်ပွဲဖြစ်ပြီး မိနစ် ၄၀ လောက်မှာ လက်နက်ချဖို့ပြောခဲ့တယ်။ အဲ့မှာလက်နက်ချချင်တဲ့သူတွေက လက်နက်ချမယ်ဆိုလို့ အပစ်ရပ်ပေးခဲ့တယ်။ သူတို့ ဘန်ကာထဲက ထွက်လာဖို့လုပ်နေချိန်မှာပဲ လက်နက်မချချင်တဲ့ တပ်သားတွေက ပြန်ပစ်လာတော့ ထွက်လာမယ့်သူတွေလည်း ပြန်ဝင်သွားပြီး တိုက်ပွဲတခါပြန်ဖြစ်ခဲ့တယ်” ဟုပြောသည်။

တိုက်ပွဲအတွင်း စခန်းသိမ်းပိုက်နိုင်မည့်အခြေအနေကို ရောက်ရှိခဲ့သော်လည်းစစ်ကောင်စီတပ်ဖွဲ့ ဘက်မှ စစ်ကူများ ရောက်ရှိလာသည့်အတွက် ပြန်လည်ဆုတ်ခွာလာရကြောင်း ကိုအောင်မောင်းက ဆိုသည်။

၎င်းက “ သူတို့  သုံးလေးယောက်လောက်ပဲ ကျန်တော့တာ။ ဘန်ကာထဲကနေ ခံပစ်နေတာ။ နောက်ထပ် သုံး လေးမိနစ်လောက်ဆို တစခန်းလုံးကို သိမ်းနိုင်မယ့်အခြေအနေရောက်နေပြီ။ အဲ့မှာ တပ်မ (၁၀၁) ကလည်း လက်နက်ကြီး နဲ့ လှမ်းပစ်တာ နောက်ပြီး ထွက်လာတဲ့ ခြေလျင်စစ်ကြောင်းကလည်း  ကျတော်တို့ကို ပ စောက်ပုံစံ ၀ိုင်းလာနေတဲ့အခြေအနေကြောင့် နောက်ဆုတ်လာခဲ့ရတယ်” ဟုပြောသည်။

တပ်မ(၁၀၁)သည် ပခုက္ကူမြို့နယ်၌အခြေစိုက်သည့် စစ်ကောင်စီ ခြေမြန်တပ်မဌာနချုပ်ဖြစ်သည်။

တိုက်ပွဲကြာမြင့်ချိန် ၁ နာရီ ၄၀ မိနစ်ခန့်အတွင်း စစ်ကောင်စီတပ်ဖွဲ့ ဝင် ၁၆ ဦးသေဆုံးကာ ငါးဦး ဒဏ်ရာရရှိခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့များဘက်မှတဦး ဒဏ်ရာရရှိခဲ့ကြောင်း  ကိုအောင်မောင်းက ဆိုသည်။ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကို မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

စစ်ကူရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပန်းတိုင်းခြုံကျေးရွာ အတွင်းရှိ ပြည်သူ့ နေအိမ်များကို ဝင်ရောက်ဖျက်ဆီးပြီး စခန်းတွင် ပြန်လည်တပ်စွဲထားကြောင်း သိရသည်။

“ ပန်းတိုင်းခြုံမှာက ပုံမှန် အင်အား ၂၇ ယောက်ရှိတယ်။ တိုက်ပွဲဖြစ်ပွားပြီးနောက်နေ့ မနက်အလောင်း တွေကို သယ်သွားတယ်။ ဘန်ကာတွေကို ပြန်ပြင်တဲ့အနေနဲ့ စလစ်လောင်းတယ်။ အင်အားထပ်ဖြည့် ပြီးတော့ တပ်စွဲထားနေဆဲဖြစ်တယ်” ဟု ကိုအောင်မောင်းက ပြောသည်။

ယခုတိုက်ခိုက်မှုကို Southern YSO PDF အဖွဲ့  ၊ ဗမာအမျိုးသားတော်လှန်ရေးတပ်တော် - BNRA၊ Yesagyo Revolution Group(ပခုက္ကူခရိုင်တပ်ရင်း (၂) တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly