ကျောက်ကြီးမြို့ကို စစ်ကောင်စီတပ် လေကြောင်းကဗုံးကြဲ ကလေးငယ်နှင့် အမျိုးသမီး ၃ဦး ထိခိုက်

By YT  ( မဇ္ဈိမ)
23 November 2023
 ကျောက်ကြီးမြို့ကို စစ်ကောင်စီတပ် လေကြောင်းကဗုံးကြဲ ကလေးငယ်နှင့် အမျိုးသမီး ၃ဦး ထိခိုက်
ပုံအညွှန်း- စစ်ကောင်စီ​၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများနှင့် ပျက်စီးမှုများ (ဓါတ်ပုံ- KNU)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများအတွင်းတိုက်ပွဲတစုံတရာဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကလေးငယ် တဦးနှင့် အမျိုးသမီး သုံးဦး ထိမှန်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတဦး​၏ ပြောကြားချက်အရ သိရသည်။  

စစ်ကောင်စီတပ်သည် ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့၊ နေ့လယ်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

" ဒီနေ့လည်း နတ်သံကွင်း ဘေးနားက ဘုရားကုန်းရယ် တောကြောင်ပေါက်ရယ်ကို လာကြဲတယ်ဗျာ။ ကျွန်တော်နဲ့ မဝေးဘူး တမိုင် ဝန်းကျင်ပဲ ဝေးတာ။ တိုက်ပွဲဖြစ်တာလည်း မရှိဘဲနဲ့ သုံးကြိမ်တောင် ပတ်ကြဲသွားတယ်" ဟု ကျောက်ကြီးမြို့နယ် ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။ 

နိုဝင်ဘာလ ၂၁ ရက်နေ့မှစ၍ ယနေ့ ၂၃ ရက်နေ့အထိ သုံးရက်ဆက်တိုက် ကျောက်ကြီးမြို့နယ်၊ တောကြောင်ပေါက်၊ သဲကုန်း၊ ငနွားဆိတ်၊ ရေလဲ အရှေ့ရွာ စသည့် ကျေးရွာများအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က နေ့စဉ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။ 

ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် တောကြောင်ပေါက်ကျေးရွာ ရွာမပိုင်းနေ လက်လုပ်လက်စား အမျိုးသမီးသုံးဦးနှင့် ကလေးငယ်တဦး စုစုပေါင်း အရပ်သား လေးဦး ထိမှန်ဒဏ်ရာရခဲ့ကြောင်း  သိရသည်။ 

ပုံအညွှန်း- စစ်ကောင်စီ​၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများ(ဓါတ်ပုံ- KNU)

နိုဝင်ဘာလ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့ ဗုံးကြဲတိုက်ခိုက်မှုများအတွင်း၌ လည်း ငနွားဆိတ်ကျေးရွာမှ ကလေးငယ်နှစ်ဦး၊ အမျိုးသမီးတဦးအပါအဝင် ဒေသခံ လေးဦး ဒဏ်ရာရခဲ့ပြီး ကျွဲ၊ နွားသုံးကောင်လည်း ဒဏ်ရာရခဲ့ကြောင်း၊ အလားတူ ရေလဲရွာမှ ကျေးရွာဆေးပေးခန်း၊ ဘုရားကျောင်း၊ မူကြိုကျောင်း ထိမှန်ပျက်စီးခဲ့ကာ ဒေသခံနေအိမ်တလုံးနှင့် ပစ္စည်းဂိုထောင်တလုံး မီးလောင်ထိမှန်ပျက်စီးမှုများရှိကြောင်း KNU ဗဟို​၏ ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ 

ပုံအညွှန်း- စစ်ကောင်စီ​၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများ(ဓါတ်ပုံ- KNU)

စစ်ကောင်စီတပ်​၏ လေကြောင်းတိုက်ခိုက်မှု အပါအဝင် အရပ်သားများအပေါ် ပစ်မှတ်ထား လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ပြည်သူလူထုအနေဖြင့် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် လူမှုဘဝ လုံခြုံမှုကင်းမဲ့စွာ အသက်ရှင်နေထိုင်နေရကြောင်း ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ (ကျောက်ကြီး)​၏ နိုဝင်ဘာလ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ 

ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ (ကျောက်ကြီး) အနေဖြင့် စစ်ကောင်စီတပ်​၏ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေမှုများအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် ထိုကဲ့သို့ ပြည်သူများ ပစ်မှတ်ထား တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်အား ထိရောက်စွာ အရေးယူပေးရန် အရပ်ဖက်အဖွဲ့အစည်းများ၊ တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများကို ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက အဆိုပါထုတ်ပြန်ချက်တွင် ထည့်သွင်းတောင်းဆိုထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly