မြိတ် CB Bank ဘဏ်ခွဲတွင် မန်နေဂျာဆိုသူက ငွေကျပ် သိန်းပေါင်း ၃၂,၅၀၀ ကျော် အလွဲသုံးစားပြုလုပ် ပြီး ထွက်ပြေးတိမ်းရှောင်

By ကိုရွှေမြိတ်(မဇ္ဈိမ)
23 November 2023
မြိတ် CB Bank ဘဏ်ခွဲတွင် မန်နေဂျာဆိုသူက ငွေကျပ် သိန်းပေါင်း ၃၂,၅၀၀ ကျော် အလွဲသုံးစားပြုလုပ် ပြီး ထွက်ပြေးတိမ်းရှောင်

တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ထားဝယ်စုရပ်ကွက် C လမ်းတွင်ဖွင့်လှစ်ထားသည့် CB BANK- မြိတ်ဘဏ်ခွဲ(၁)တွင် တာဝန်ခံ မန်နေဂျာဆိုသူအမျိုးသားက ဘဏ်မှ သိန်းပေါင်း ၃၂,၅၀၀ (ကျပ် ၃ ဒသမ ၂၅ ဘီလီယံ) ကို အလွဲသုံးစားပြုလုပ်ပြီး ထွက်ပြေးတိမ်းရှောင်နေကြောင်း မြို့ခံများထံမှ သိရသည်။

နိုဝင်ဘာ ၁၇ ရက်နေ့က အခြားမြို့နယ်များတွင် ရောက်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိအချို့က ၎င်းတို့၏ငွေကြေးများလှုံခြုံမှုမရှိဟုဆိုကာ မြိတ်မြို့ရှိမိသားစုများထံ ယင်းမြိတ်ဘဏ်ခွဲမှ ငွေကျပ်သိန်း ထောင်ချီလွှဲပြောင်းပြီးနောက် ထုတ်ယူချိန်တွင် ဘဏ်အတွင်း ငွေသားများပျောက်ဆုံးနေရာမှ စစ်ဆေး ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ဘဏ်နှင့်နီးစပ်သည့် လုပ်ငန်းရှင်အသိုင်းဝိုင်းမှ သိရသည်။

ဘဏ်နှင့်နီးစပ်သည့် မြို့ခံလုပ်ငန်းရှင်တဦးက “လက်ရှိ ကျွန်တော်တို့သိရတာက ဘဏ်မန်နေဂျာထွက် ပြေးနေတယ်လို့ သိရတယ်။ ငွေတွေအလွဲသုံးစား လုပ်ထားတာကကြာပြီ။ အခု ဘဏ်အတွင်း ပြဿနာ တွေဖြစ်လာမှ အမှုဖွင့်တိုင်ကြားထားတာလို့ သိရတယ်”ဟု ဆိုသည်။

လက်ရှိတွင် CB BANK- မြိတ်ဘဏ်ခွဲ မန်နေဂျာဖြစ်သူ ဦးမျိုးထွဋ်သည် နိုဝင်ဘာ ၂၀ ရက်နေ့က ထွက်ပြေး တိမ်းရှောင်နေပြီး ဘဏ်တာဝန်ရှိသူများက မြိတ်မြို့မရဲစခန်းတွင် ပုဒ်မနှစ်စ်ခုဖြင့်အမှုဖွင့်ထားကာ ဖမ်းဆီး ရမိရေးဆောင်ရွက်နေကြောင်း ရဲစခန်းနှင့်နီးစပ်သူတဦးက ပြောသည်။

“မန်နေဂျာက ဘဏ်ထဲကငွေတွေကို သူရဲ့ ကိုယ်ရေးကိုယ်တာကိစ္စနဲ့သုံးစွဲတယ်လို့ ကျွန်တော်တို့ကြားရ တယ်။ အဓိကတော့ လောင်းကစားကို လနဲ့ချီပြီးသုံးဖြုန်းလိုက်တာမျိုး တွေ့ရတယ်”ဟု ထားဝယ်စုရပ် ကွက်နေလုပ်ငန်းရှင်တဦးက ပြောသည်။

ငွေကြေးအလွဲသုံးစားပြုလုပ်မှုနှင့်ပတ်သက်ပြီး CB BANK- မြိတ်ဘဏ်ခွဲသို့ မဇ္ဈိမက ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့ရာတွင် ဖုန်းလက်ခံဖြေကြားသူက “ကျွန်တော်တို့ဖြေကြားပိုင်ခွင့်မရှိပါဘူး၊ တာဝန်ရှိလူကြီးက သာ ပြောပိုင်ခွင့်ရှိပါတယ်” ဟု ဆိုပြီး ဖုန်းချသွားခဲ့သည်။

ငွေကြေးအလွဲသုံးစားမှုပြုလုပ်ခဲ့သူ ဘဏ်မန်နေဂျာသည် ထွက်ပြေးတိမ်းရှောင်နေရာမှ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် စစ်ကောင်စီက မြို့အဝင်အထွက်တံတားများကို ပိတ်ဆို့စစ်ဆေးပြီး ဖမ်းဆီးရန်ကြိုးစားခဲ့ သော်လည်း ထွက်ပြေးလွတ်မြောက်သွားကြောင်း စစ်ကောင်စီသတင်းရင်းမြစ်တဦးက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ထွက်ပြေးတိမ်းရှောင်နေသူ ဦးမျိုးထွဋ် အသက်(၃၇)နှစ် CB ဘဏ်မန်နေ ဂျာ၊ ဘီလမ်းနှင့် စီလမ်းကြား၊ ထားဝယ်စုရပ်ကွက်၊ မြိတ်မြို့နေသူအား မြိတ်မြို့မရဲစခန်းမှ (ပ)၂၉၉/၂ဝ၂၃၊ ရာဇသတ်ကြီး ပုဒ်မ ၄၀၈နှင့် ၄၂၀ တို့ဖြင့် အမှုဖွင့်ကာအရေးယူထားကြောင်း ယင်းရဲစခန်းမှ အရေးယူ ထားသည့် အချက်အလက်များအရ သိရသည်။

တနင်္သာရီတိုင်းအတွင်းရှိ ပုဂ္ဂလိကဘဏ်များတွင် ယခုရက်ပိုင်းအတွင်း အကန့်အသတ်ဖြင့်သာ ငွေထုတ် ယူနေရကြောင်း စုံစမ်းသိရသည်။

ထို့ပြင် မြိတ်နှင့်ထားဝယ်မြို့တို့ရှိ ပုဂ္ဂလိကဘဏ်များတွင် နေ့စဉ်ငွေထုတ်သူများပြားနေပြီး ငွေလွှဲ၊ ငွေသွင်း သူပင် မတွေ့ရတော့ပဲ တစ်ရက်လျှင် သိန်း ၂၀၊ သိန်း ၅၀၊ သိန်း ၁၀၀ စသဖြင့်သတ်မှတ်ပြီး ထုတ်ယူ နေရ ကြောင်း  မြို့ခံ အချို့က ပြောပြသည်။ 

မြိတ်တွင် မြန်မာ့အရှေ့တိုင်းဘဏ်၊ ရိုးမ၊ KBZ ၊ ဧရာ၀တီဘဏ်၊ AGDB ဘဏ်၊ CB ဘဏ်၊ ယူနိုက်တက် အမရာဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ပထမပုဂ္ဂလိကဘဏ် စသဖြင့် ပုဂ္ဂလိကဘဏ်ခွဲ ၁၀ ခု ထက်မနည်း ရှိကြောင်း သိရသည်။

စာတည်း။   ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly