ရှမ်းမြောက် တိုက်ပွဲများစပြီးနောက် မြန်မာတွင် နေရပ်စွန့်ခွာရသူ ၂၈၀,၀၀၀ ကျော် ရှိလာဟု ကုလ ပြော

ရှမ်းမြောက် တိုက်ပွဲများစပြီးနောက် မြန်မာတွင် နေရပ်စွန့်ခွာရသူ ၂၈၀,၀၀၀ ကျော် ရှိလာဟု ကုလ ပြော
Photo-AFP

မြန်မာတွင် စစ်ကောင်စီတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား များမကြာမီကဖြစ်ပေါ်သည့် တိုက်ပွဲများကြောင့် လက်ရှိအချိန်အထိ လူပေါင်း ၂၈၆,၀၀၀ ကျော် နေရပ်စွန့်ခွာထားခဲ့ရကြောင်း ကုလသမဂ္ဂက နိုဝင်ဘာ ၂၂ ရက်တွင် ပြောကြားပြီး ယင်းသည် ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း အကြီးမားဆုံး အရှိန်မြင့်တက်မှု ဖြစ်သည်ဟု ဆိုသည်။

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား ပြင်းထန်တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး အဲဒီတိုက်ပွဲတွေဟာ လူနေထူထပ်တဲ့ မြို့ပြနေရာတွေအပါအဝင် နောက်ထပ် ဧရိယာတွေဆီအထိ ကျယ်ပြန့်လာတယ်လို့ မိမိတို့ရဲ့ လူသားချင်းစာနာမှု လုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်” ဟု ကုလ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဖာဟန် ဟက်ခ်က ပြောသည်။

“ဒီ အရှိန်မြင့်တက်မှုဟာဆိုရင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြီးဆုံးဖြစ်သလို ပထဝီဝင်အနေအထားအရ အပျံ့နှံ့ဆုံးလည်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ အဆိုးဆုံး ထိခိုက်ခံ ဧရိယာများမှာ ရှမ်း၊ စစ်ကိုင်း၊ ကယား၊ ရခိုင်နှင့် ချင်းပြည်နယ် တောင်ပိုင်းတို့တွင် ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

“အောက်တိုဘာ ၂၆ ရက်မှာ တိုက်ပွဲတွေ အရှိန်မြင့်ဖြစ်ပေါ်ပြီးနောက်ပိုင်း မနေ့ကအထိဆိုရင် လူပေါင်း ၂၈၆,၀၀၀ ကျော် နေရပ်စွန့်ခွာထားရပါတယ်။ အဲဒီကိန်းဂဏန်းဟာ ဆက်ပြီးတက်နေတယ်” ဟု ၎င်းက ပြောသည်။

အောက်တိုဘာလကုန်ပိုင်းက တရုတ်နှင့် နယ်စပ်အနီး ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့က စစ်ကောင်စီကို ထိုးစစ်ဆင် တိုက်ခိုက်မှုကို ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်ခဲ့သည်။

မဟာမိတ်အဖွဲ့၏ အဖွဲ့ တဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော်ကလည်း ပြီးခဲ့သည့် သီတင်းပတ်တွင် ရခိုင်ပြည်နယ်တွင် ထိုးစစ်တခု လုပ်ဆောင်ခဲ့သလို တချိန်တည်းမှာပင် ထိုင်းနယ်စပ်နှင့် မဝေးသည့် ကယားပြည်နယ်တွင်လည်း စစ်အာဏာသိမ်း ဆန့်ကျင်ရေး တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ အရှိန်မြင့်ဖြစ်ပေါ်ခဲ့သည်။

“ရခိုင်ပြည်နယ်က လုံခြုံရေးအခြေအနေက စိုးရိမ်စရာ ကောင်းနေဆဲပါ။ အထူးသဖြင့် ပေါက်တောမြို့မှာဆိုရင် လူ ၂၀,၀၀၀ လောက်ဟာ ဒီလလယ်လောက်ကတည်းက ဘေးကင်းရာနေရာတွေကို ထွက်ပြေးထားခဲ့ကြရပါတယ်” ဟု ဟက်ခ်က ပြောသည်။

မြို့ထဲသို့ ဝင်လမ်းများ ပိတ်ထားသလို ဝင်ရောက်နိုင်ခြင်းမရှိတော့သည့်အတွက် လူရာပေါင်းများစွာ ပိတ်မိနေကြောင်း ၎င်းက ပြောသည်။

ထို့ပြင် ပေါက်တောရှိ ဒုက္ခသည်စခန်းငါးခုမှ ရိုဟင်ဂျာ ၂၆,၀၀၀ ခန့်ဆီလည်း ရောက်ပေါက်နိုင်ခြင်း မရှိကြောင်း ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် မြန်မာတွင် လူပေါင်း နှစ်သန်းကျော်အထိ နေရပ်စွန့်ခွာထားကြရသည်ဖြစ်ရာ လူသားချင်းစာနာမှု အကူအညီအတွက် အရေးပေါ် ငွေကြေးထည့်ဝင်ပံ့ပိုးရေး ဟက်ခ်က ဆော်ဩတောင်းဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required