အင်ဂျန်းယန်မြို့မှ  စစ်ကောင်စီနှင့် ရဲများ စခန်းစွန့် ခွာသွားဟု KIA ပြော

အင်ဂျန်းယန်မြို့မှ  စစ်ကောင်စီနှင့် ရဲများ စခန်းစွန့် ခွာသွားဟု KIA ပြော

ကချင်ပြည်နယ်၊မြစ်ကြီးနားခရိုင်၊အင်ဂျန်းယန်မြို့မှ စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်များသည် ယမန်နေ့ နိုဝင်ဘာလ ၂၁ရက်မှစ၍  ၎င်းတို့၏စခန်းများကို  စွ့န်ခွာသွားကြပြီဟု ကချင်ပြည်သူ့လွတ်လပ်ရေးတပ်မတော်(KIA) ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

" အင်ဂျန်းယန်စခန်းက ခလရ(၄၀)ရယ်၊ (၁၆)မိုင်ရယ်၊ မြစ်ဆုံစခန်းရယ် အဲ့ဒီ သုံးခု။ မနေ့ကအကုန်လုံး မြစ်ကြီးနားဘက်ကိုဆုတ်သွားတာရှိပါတယ်။ကျွန်တော်တို့ဘက်က တိုက်ပွဲတွေဘာတွေတော့မရှိဘူး။ သူတို့ဘာသာပဲ ဆုတ်ခွာသွားတာဖြစ်ပါတယ်"ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

အင်ဂျန်းယန်မြို့တွင် ယခုအခါ စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရားရပ်ဆိုင်းနေပြီဖြစ်ပြီး စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်များသာမက ဌာနဆိုင်ရာဝန်ထမ်းများလည်း မရှိတော့ကြောင်း ကချင်သတင်းရင်းမြစ်များကပြောသည်။

လတ်တလော အခြေအနေနှင့်ပတ်သက်၍  အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က " KIA တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ၊ မြစ်ဆုံအထက်ဒေသ အင်ဂျန်းယန်မြို့နယ်က စစ်တပ်၊ ရဲ နှင့် အရပ်ဖက်အုပ်ချုပ်ရေးဝန်ထမ်းအားလုံး တပ်ဆုတ်သွားတယ်လို့ သိရပါတယ်။ အင်ဂျန်းယန်မြို့နယ်ကတော့ သွေးမစွန်းပဲဘဲ အပ်လိုက်ပါပြီ" ဟု ၎င်း၏ ဖေ့ဘွတ်ခ်စာမျက်နှာ၌ ယနေ့ နိုဝင်ဘာလ ၂၂ရက် နံနက်တွင် ရေးထားသည်။

အင်ဂျန်းယန်မြို့သည် ဧရာဝတီမြစ်ဆုံ၏ အထက်ဘက်(အရှေ့မြောက်ဘက်) ၃၃ မိုင်ခန့်အကွာတွင်ရှိပြီး မြစ်ကြီးနား၊ချီဖွေ၊ဝိုင်းမော်၊ဆော့လော်နှင့်ဆွမ်ပရာဘွမ်မြို့နယ်တို့နှင့် ထိစပ်နေသည်။ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်စခန်းများသည် အင်ဂျင်းယန်မြို့တွင် အထိုင်ချတပ်စွဲထားသည်မှာ ၁၀ နှစ်ထက်မနည်း ကြာမြင့်နေပြီဟု  ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီသည် ယခုအခါ  နိုင်ငံအနှံ့စစ်မျက်နှာအများအပြားဖွင့်ထားရပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်မှ ရှေ့တန်းစခန်းများ လက်လွတ်ဆုံးရှုံး‌နေသည်။ရခိုင် ပြည်နယ်မှ ရဲစခန်းအချို့သည် ရက္ခိုင့်တပ်တော် (AA)ထံ စခန်းလိုက်လက်နက်ချခဲ့သည့်ဖြစ်စဉ်များရှိခဲ့သည်။ စခန်းများတိုက်ခိုက်မခံရစေရန်နှင့် တော်လှန်ရေးအင်အားစုများထံ လက်နက်ချခြင်းများ ကြိုတင်တားဆီးနိုင်ရန်မြို့နယ်အချို့ရှိ စခန်းများကိုစွန့်ခွာကာ မြို့ပေါ်ရှိတပ်ရင်းများ၌ ပူးပေါင်းရန် စစ်ကောင်စီကစီမံနေကြောင်း  နိုင်ငံရေးလေ့လာသုံးသပ်သူများကပြောသည်။

စာတည်း - အေးချမ်း
#Mizzima
#အင်ဂျန်းယန်မြို့
#စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်များ
#စခန်းစွ့န်ခွာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly