လိုင်ဇာအနီးက တပ်စခန်းတွေကို လက်လွှတ်နေရတဲ့ စစ်ကောင်စီ

By ကချင်လေး
22 November 2023
လိုင်ဇာအနီးက တပ်စခန်းတွေကို လက်လွှတ်နေရတဲ့ စစ်ကောင်စီ
ပုံညွှန်း- လိုင်ဇာမြို့ကို့ တွေ့ရစဉ် (photo-CJ)

KIA ဌာနချုပ် "လိုင်ဇာကို သိမ်းမယ်" ဟု ကြုံးဝါးပြီး ယခု၂၀၂၃ ခုနှစ် ဇွန်လ အစောပိုင်းကတည်းက စစ်ကြောင်းထိုးလာခဲ့သော စစ်ကောင်စီတပ်သည် အချိန်ကာလအားဖြင့် ငါးလကျော်လာခဲ့သော်လည်း ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာအနားပင် မကပ်နိုင်သေးပါ။

ထိုအခြေအနေမှာ စစ်ကောင်စီတပ်သည် အများသူငှာအားလုံး တခုတည်းသာ အသုံးပြုနေရသည့် မြစ်ကြီးနား - ဗန်းမော် ပြည်ထောင်စုလမ်းမကြီးတွင် အခိုင်အမာ တပ်စွဲထားသော တပ်စခန်းများ တခုပြီးတခု လက်လွှတ်ဆုံးရှုံးလာနေရသည်။

ကေအိုင်အေဌာနချုပ် လိုင်ဇာမြို့အနီး၌ အရပ်သား ၂၉ ဦး သေဆုံးခဲ့ရသော မုန်လိုင်ခက်စစ်ရှောင်စခန်း ဗုံးကြဲခံရမှု ဖြစ်ရပ်အပြီးတွင် ကေအိုင်အိုဗဟိုက ယင်းတို့၏ ပင်မလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ကေအိုင်အေတပ်ဖွဲ့ကို အထူးစစ်ဆင်ရေးများ လုပ်ဆောင်ရန် အောက်တိုဘာလတွင် မီးစိမ်းပြလိုက်တော့သည်။

ဗဟိုမှ ခွင့်ပြုချက်ရလာသော ကေအိုင်အေတပ်ဖွဲ့သည် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ဝိုင်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်အစပ်ရှိ လိုင်လွမ်အောင်ဂျာစခန်းကုန်းကြီးကို စတင်ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လိုက်ပါတော့သည်။

ယင်းတိုက်ပွဲသည်၂၀၂၂ ခုနှစ်က တိုက်ခိုက်ခဲ့သော အလောဘွမ်စစ်တပ်စခန်းကုန်း တိုက်ပွဲအပြီး ကေအိုင်အေဌာနချုပ်အနီး၌ ဒုတိယအကြိမ်အဖြစ် စစ်ဆင်ရေးပြုလုပ်ခဲ့သည့် တိုက်ပွဲလည်း ဖြစ်သည်။

ကေအိုင်အေနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ယူသိမ်းပိုက်လိုက်သော လိုင်လွမ်အောင်ဂျာစခန်းကုန်းကြီးသည် ကေအိုင်အေဌာနချုပ်နှင့် ၁၀မိုင်ကျော်မျှသာဝေးသော နေရာတွင်ရှိပြီး ထောက်ပံ့ရေးလမ်းကြောင်းများကို ဖြတ်တောက်ရန်အတွက် အခိုင်အမာတပ်စွဲထားသည့် ဗျူဟာကျစခန်းသုံးခုရှိသည့် စစ်ကောင်စီတပ်၏ ဗျူဟာကုန်းကြီးပင် ဖြစ်သည်။

အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဂန်ဒေါင်ယန်စခန်းကုန်းကို ဆက်သိမ်းခဲ့ပြီး နိုဝင်ဘာလ ပထမအပတ်တွင် မလိယန်စစ်တပ်စခန်းတွေအထိ ဆက်လက်တိုက်ခိုက် သိမ်းပိုက်ထားသည်ဟု ကေအိုင်အေရှေ့တန်းနှင့် နီးစပ်သော သတင်းရင်း မြစ်များက အတည်ပြုပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ် လက်လွှတ်ခဲ့ရသော စခန်းများကို ပြန်ကြည့်ပါက ဆယ်စုနှစ်တစုကြာအောင် အထိုင်ချထားသော တပ်စခန်းများသာဖြစ်နေပြီး ယင်းစစ်စခန်းများက ကေအိုင်အိုဌာနချုပ် လိုင်ဇာဘက်ကို စစ်ရေးအရ ထိုးနှက်မှုတခု ပြုနိုင်သော စခန်းများပင် ဖြစ်နေသည်ကို တွေ့ရသည်။

ကေအိုင်အေနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသော စစ်တပ်စခန်းများနှင့် ပတ်သက်၍ ကေအိုင်အိုအစိုးရနှင့်နီးစပ်ပြီး ကချင်နိုင်ငံရေးကို စဥ်ဆက်မပြတ် လေ့လာသုံးသပ်နေသည့် ကချင်နိုင်ငံရေး သုတေသီတဦးကို မဇ္ဈိမ၏ မြေပြင်သတင်းအဖွဲ့က လူမှုကွန်ရက်မှတဆင့် မေးမြန်းခဲ့ရာ ယခုလို သုံးသပ်ပြခဲ့သည်။

"သူတို့ (ကေအိုင်အေ) အနေနဲ့ ဗန်းမော် - မြစ်ကြီးနား ကားလမ်းပိုင်းကို စစ်ရေးအရ ထိန်းချုပ်ဖို့ လိုအပ်တယ်ဆိုတာက အဓိကတော့ ဌာနချုပ်ရဲ့ လုံခြုံရေးကြောင့်လို့ပြောရင် ပိုမှန်မယ်ထင်တယ်။ ဒီအနေအထားအရဆိုရင် နောက်ထပ်စခန်းတွေ ထပ်သိမ်းဖို့ရှိတယ်လို့ မြင်ပါတယ်။ အရင်ဌာနချုပ်ဟောင်း ပါဂျောင်နဲ့ နားဖေါ့စခန်းတွေကိုလည်း အခြေအနေပေးရင် ထပ်သိမ်းနိုင်တယ်။ ပြောရရင် သူတို့လက်လွှတ်ခဲ့ရတဲ့ စခန်းဟောင်းတွေ အကုန်လုံးကို ပြန်သိမ်းလို့ရရင် ပြန်သိမ်းလိမ့်မယ်"ဟု ဆိုသည်။

ထိုသို့ စစ်တပ်စခန်းများ တခုပြီးတခု သိမ်းပိုက်လာနိုင်သော စစ်ဆင်ရေးများကို ကေအိုင်အေတပ်ဖွဲ့တွင် ကေအိုင်အိုဗဟိုကော်မတီက အထူးယုံကြည်ရသူ လူပုဂ္ဂိုလ်သုံးဦးကိုယ်တိုင် ရှေ့တန်းစစ်မျက်နှာအထိ သွားရောက်ညွှန်ကြား ကွပ်ကဲခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ကေအိုင်အေရှေ့တန်း သတင်းရင်းမြစ်များက အတည်ပြုပြောသည်။

ကေအိုင်အေ စစ်ဦးစီးချုပ် သို့မဟုတ် စစ်တိုက်ဖို့မွေးဖွားလာသူ (CS ဗိုလ်ချုပ် R ခေါင်လွမ်း)

၁၉၈၈ ခုနှစ် လူထုအုံကြွမှု အရေးအခင်းကာလမှာကတည်းက ရန်ကုန်တက္ကသိုလ်ကျောင်းသားတဦးဖြစ်သော R ခေါင်လွမ်းတယောက် သူခင်တွယ်မြတ်နိုးရသည့် တေးသံသွင်းစတူဒီယိုခန်းများ၊ စတိတ်ရှိုးစင်မြင့်ထက်က ဂီတအနုပညာမောင်နှမများအပြင် မိဘနှစ်ပါးနှင့်မိသားစုကိုပါ ကျောခိုင်းစွန့်ခွာပြီး ကြမ်းတမ်းသည့် တောခိုကျောင်းသားဘဝကို ရွေးချယ်ခဲ့သည်။

ကချင်တိုင်းရင်းသားဖြစ်သော်လည်း ကချင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော  KIA တပ်ဖွဲ့ထံ တိုက်ရိုက် ဝင်ရောက်ခဲ့ခြင်းမဟုတ်ဘဲ တက္ကသိုလ်ကျောင်းသားပီပီ ABSDFဟု ခေါ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးကို ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ထိုအချိန်က မန္တလေးတက္ကသိုလ်ကျောင်းထွက် စီနီယာတဦးဖြစ်သည့် ဆွမ်လွတ်ဂွန်မော်က သူ့ကို ကျောင်းသားတပ်မတော်ထဲမှ ပြန်လည်ခေါ်ယူခဲ့ပြီး ထိုအချိန်က ကေအိုင်အေတပ်ဖွဲ့တွင် တိုက်ရည်ခိုက်ရည်ဖြင့် အထူး နာမည်ကြီးလှသည့် ဗျူဟာမှူး ဗိုလ်မှူးလခန်ပန်းအောင် လက်အောက်တွင် ထည့်သွင်းပေးခဲ့သည်။

လက်ရှိ ကေအိုင်အေ စစ်ဦးစီးချုပ် R ခေါင်လွမ်းသည် ဗျူဟာမှူးလခန်ပန်းအောင်၏ အထူးကွန်မန်ဒိုစစ်သင်တန်းများကို တက်ရောက်သင်ယူပြီးသည့်နောက် ကြံ့ခိုင်သန်စွမ်းသော တော်လှန်ရေးစစ်သားတယောက် ဖြစ်လာခဲ့ပြီး ဂီတပိုးပါလာသည့်အတွက် တောတွင်းဂီတဖျော်ဖြေပွဲများတွင် လက်စွမ်းပြသလို ထိုအချိန်အခါက တော်လှန်ရေးတိုက်ပွဲများတွင်လည်း သူရသတ္တိနှင့်စွမ်းရည်များ သက်သေပြခဲ့သည်ဟု ကေအိုင်အေတပ်ဖွဲ့ဝင်များက အတည်ပြုထားသည်။

ဗိုလ်မှူးကြီးပန်းအောင် ကွယ်လွန်သွားပြီးသည့်နောက်ပိုင်း စစ်ဗိုလ်လေး R ခေါင်လွမ်းသည် ဗိုလ်မှူးကြီးအင်ဘန်လ၏ အားကိုးရသောသူ ဖြစ်လာခဲ့ပြီး ၂၀၀၆ ခုနှစ်အရောက်တွင် ဒုတိယဗိုလ်မှူးကြီးတာဝန်ဖြင့်  ကချင်ပြည်နယ်မြောက်ဖျားပိုင်းရှိ KIA တပ်မဟာ ( ၁ ) ၏ တပ်မဟာမှူးတာဝန်ကို ထမ်းဆောင်ခဲ့သည်။

ကေအိုင်အေစစ်ဦးချုပ်က ရိုးရိုးစစ်သားဘဝမှ စစ်ဗိုလ်၊ ဗိုလ်ကြီး၊ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်အစ ရှိသော ရာထူးတာဝန်များကို တဆင့်ခြင်း ကျေပွန်ရယူခဲ့ပြီး လက်ရှိအချိန်တွင် ကေအိုင်အေတပ်ဖွဲ့၏ စစ်ဦးစီးချုပ်တာဝန်ဖြင့် စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေဆဲ ဖြစ်သည်။

KIA တပ်ဖွဲ့ဝင်များ၊ ကချင်နိုင်ငံရေး လေ့လာသုံးသပ်သူများအပါအဝင် ကချင်လူထုက ဟိုယခင်ကတည်းက စစ်ဦးချုပ်ကို ချစ်စနိုးဖြင့် "ဂွတို" ဟု ခေါ်ဆိုလေးစားခဲ့ကြသလို လက်ရှိ  နွေဦးတော်လှန်ရေးတွင်လည်း ကေအိုင်အေ၏ စခန်းသိမ်းအောင်ပွဲများတွင် "ဗိုလ်ချုပ်ဂွတို" ဟု ဆက်လက် နာမည်ကြီးနေဆဲပင်ဖြစ်သည်။

ဒုတိယစစ်ဦးချုပ် (VCS 1 မရစ်အောင်ဆိုင်းလာ)

ကချင်စာပေနယ်၏ နာမည်ကျော်စာရေးဆရာတဦးဖြစ်သလို ကျောင်းဆရာတဦးလည်းဖြစ်ပီး analytical skill ကောင်းတဲ့သူပါ။ အနေအေးသလို စိတ်ရှည်တဲ့သူဖြစ်သည်ဟု ကေအိုင်အေသတင်းရင်းမြစ်များက ဆိုကြသည်။ တပ်ထဲမှာ စကားနည်းပြီး အလုပ်နဲ့ပဲ သက်သေပြသူဖြစ်တာကြောင့် အလုပ်လူသားဟု နာမည်ပြောင် ရရှိထားသူဖြစ်သည်။

လက်ရှိအချိန်တွင် နွေးဦးတော်လှန်ရေးနှင့်အတူ ပေါက်ဖွားလာသော ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့ဝင်များကို စစ်ပညာသင်ကြားခြင်းကိစ္စရပ်များ၊ စစ်ဆင်ရေးများ၊ လက်နက်များတပ်ဆင် ဗျူဟာချပေးခြင်း ကိစ္စရပ်များကို အဓိက ကိုင်တွယ်နေသူဖြစ်သည်။

ဗိုလ်မှူး ဇောင်းဘုတ်ထန်း၏ ကိုယ်ရေးအရာရှိ PSO လုပ်ခဲ့ဖူးသလို ကချင်တိုင်းရင်းသား စုပေါင်းပါတီကြီးဖြစ်သော ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာ (ကေအိုင်အိုဥက္ကဋ္ဌဟောင်း) တို့ကို ပါတီနိုင်ငံရေးလုပ်ရန် ကေအိုင်အိုဗဟိုက ထွက်ခွင့်ပြုလိုက်တဲ့စာရင်းတွင် ပါဝင်ခဲ့သူလည်း ဖြစ်သည်။

နောက်ပိုင်း ကေအိုင်အိုဗဟိုမှ အကြောင်းကြောင်းကြောင့် ပြန်လည်ခေါ်ဆိုခဲ့ပြီး၊ စစ်ထောက်လှန်းရေးချုပ် MHH တာဝန်ခံမှ ဒုတိယစစ်ဦးစီးချုပ်  VCS ဖြစ်လာခဲ့သူဖြစ်သည်။

ဒုတိယစစ်ဦးချုပ် (VCS 2 Namhkyek ဇောင်တောင်)

ရှမ်းမြောက် ဒေသရှိ Namhkyet ဒူဝါ၏ မျိုးဆက်ဖြစ်သည်။ ကေအိုင်အိုအစိုးရ၏ အကွဲအပြဲကာလ ဗိုလ်ချုပ်အင်ဘန်လ အာဏာသိမ်းခါစက ကိုယ်ရေးအရာရှိ PSO အဖြစ် လုပ်ခဲ့သည်။

နောက်ပိုင်းတွင် ဗိုလ်မှူးချုပ်ရာထူးဖြင့် စစ်မဟာဗျူဟာ လေ့လာရေးဌာနအကြီးကဲ စစ်မဟာဗျူဟာ လေ့လာရေးမှူးတာဝန်ကို ယူခဲ့သူလည်း ဖြစ်သည်။ လက်ရှိအချိန်တွင်  ဒုတိယစစ်ဦးစီးချုပ်  VCS ဖြစ်လာခဲ့သည်။

ထူးခြားချက်တခုမှာ ကေအိုင်အေတပ်ဖွဲ့၏ လက်ရှိ ဒုစစ်ဦးစီးချုပ်နှစ်ဦးအကြောင်းကို ယေဘုယျအချက်အလက်များသာ စုံစမ်းရခဲ့သည်။

စစ်ဦးစီးချုပ်သုံးယောက်စလုံးသည် စစ်အာဏာရှင်များကို တော်လှန်ရန် ယခင်ကတည်းက မိမိဆန္ဒအလျောက် လက်နက်ကိုင်တပ်ဖွဲ့ထဲ အသီးသီး ဝင်ရောက်ခဲ့ကြသူတွေဖြစ်ကာ စစ်ပွဲအတွေ့အကြုံများနှင့် စစ်ဗျူဟာလေ့လာမှု ၊မြေပုံညွှန်ကြားမှုများက လက်ရှိ ကေအိုင်အေတပ်ဖွဲ့အသီးသီး၏ စခန်းသိမ်းအောင်မြင်မှုသတင်းက သက်သေပြနေသည်။

စစ်တပ်က ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာဒေသအနီးတွင် သူ၏စစ်တပ်စခန်းတွေကို လက်လွှတ်နေရသည့်အချိန်တွင် ကေအိုင်အိုအစိုး၏ Sub - State ဖြစ်သော ရှမ်းမြောက်ဘက်တွင်လည်း ညီနောင်မဟာမိတ် သုံးဖွဲ့က စစ်ဆင်ရေး ၁၀၂၇ ကို ချိန်ကိုက်စတင်လိုက်ပြီး တပ်စခန်းများ တခုပြီး တခု၊ တမြို့ပြီး တမြို့ သိမ်းပိုက်လာနိုင်ခဲ့သည်။

စစ်ရေးလှိုင်းလုံးကြီးနှင့် နိုင်ငံရေးလှိုင်းလုံးကြီးအောက်တွင် အသက်ရှူကျပ်လာသော စစ်တပ်က ဒီတကြိမ်တွင်လည်း အတုအယောင် ကာလုံအစည်းအဝေး ခေါ်ရပြန်သည်။ သို့သော် ကာလုံအစည်းအဝေးအပြီး ပြည်တွင်းစစ်သမိုင်းတွင် နာမည်ကျော်ကြားလှသော ကွမ်းလုံဗျူဟာကျစခန်းကြီးကို မြောက်ပိုင်းအဖွဲ့များက သိမ်းယူလိုက်ပြန်သည်။

ထိုသို့ ကွမ်းလုံမြို့ထပ်မံ လက်လွှတ်လိုက်ရခြင်းက စစ်ကောင်စီအဖို့ မရှိသောသိက္ခာပင် ထပ်မံကျဆင်းသွားခဲ့ရသည်နှင့် အဖြစ်တူနေသည်။ ကွမ်းလုံတိုက်ပွဲများနှင့် ပတ်သက်ပြီး စစ်ကောင်စီက  "ကွမ်းလုံရက်လေးဆယ်" အမည်ပေးထားသော စစ်တပ်အောင်နိုင်ရေး ရုပ်ရှင်များပင် ရိုက်ပြကာ ဂုဏ်ဆာခဲ့ကြဖူးသည့် သမိုင်းကလည်း ရှိနေသည်။

ထို့အပြင် စစ်ကောင်စီ၏ အမာခံ ခံစစ်ဌာနချုပ်တခုဖြစ်သော အနောက်မြောက်တိုင်း စစ်ဌာနချုပ်၏ စစ်ကိုင်းတိုင်းအတွင်းတွင် KIA ဦးဆောင်ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့များက အင်းတော်၊ ကောလင်း၊ ပင်လည်ဘူး အစရှိသော မြို့များအထိ စစ်ဘောင်ချဲ့ ထိန်းချုပ်နိုင်ခဲ့ပြီး ထီးချိုင့်တွင်လည်း မြို့သိမ်းတိုက်ပွဲ ဆက်လက်ဖော်ဆောင်နေသည်။

စစ်ဆင်ရေးများ တလှိုင်းပြီးတလှိုင်း ထကြွလာပြီး တမြို့ပြီးတမြို့သိမ်းပိုက်ခံနေရခြင်းကြောင့် စစ်ကူအင်အား အလျဉ်မမီတော့သည့် စစ်ကောင်စီသည် လေ​ကြောင်းပစ်ကူကိုသာ အားကိုးနေရသော စစ်တပ်၏ စစ်ရေးစီမံချက်များ ကသောင်းကနင်း ဖြစ်နေပုံရသည်။

တန်ပြန်စစ်ဆင်ရေးဖြင့် သိမ်းခံခဲ့ရသော စခန်းများကို ပြန်လည်တိုက်ယူမည်ဟု ကြုံးဝါးခဲ့သော်လည်း ရှမ်းမြောက်ကို စစ်ကူပို့ရန် စစ်ကိုင်းနှင့် စစ်ကောင်စီဗဟို အခြေစိုက်ရာ နေပြည်တော်က အင်အားများ ထုတ်နုတ်နေရသော အခြေအနေများကြောင့် ကေအိုင်အေ ဌာနချုပ်ရှိရာ လိုင်ဇာဘက်ကို စစ်ဦးလှည့်ဖို့ပင် အခွင့်မသာတော့သည်ကို လက်ရှိအချိန်တွင် တွေ့လာရပါတော့သည်။

လိုင်ဇာဒေသကို အလေးထားအင်အားဖြည့်နေချိန် နိုဝင်ဘာလ ၁၁ ရက်နေ့က မိုးကောင်းမြို့အခြေစိုက် အမှတ် (၃) ရှေ့တန်းစစ်ဆင်ရေး ဌာနချုပ်၏ လက်အောက်ခံ လက်ရုံးတပ်ဖွဲ့ ၊ ခလရ (၁၀၅)တပ်ရင်း၏ ဆားမှော်ကျေးရွာ အရှေ့တောင်ကြောရှိ ရှေ့တန်းစခန်းကုန်းကြီး ဒေသအခေါ်  စပါးကုန်းတပ်စခန်း တိုက်ခိုက်သိမ်းပိုက်ခံလိုက်ရသည်။

ထိုအသိမ်းခံရသော စခန်းသည် မြစ်ကြီးနား - မန္တလေးကားလမ်း၊ ဖားကန့်လုံးခင်း ရတနာမြေဘက်သို့တက်သည့် စစ်ရေးလမ်းကြောင်းကို စောင့်ကြည့်ထိန်းချုပ်နိုင်သည့် စခန်းဖြစ်သည်။

ဆားမှော်ရွာထဲရှိ ခလရ (၁၀၅) တပ်ရင်းကိုယ်တိုင်က ကေအိုင်အေနှင့် PDF ပူးပေါင်းအဖွဲ့၏ တိုက်ခိုက်ခြင်းများ၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်လာမှုများကြောင့် နောက်တန်း၌ပင် ထိခိုက်မှုသေကြေမှုများဖြင့် ကြုံတွေ့နေရသည်။

မိုးကောင်းဌာနချုပ်နှင့် ၁၅ မိနစ်သာ သွားလာရသော ဆားမှော်ရွာအဝင်ရှိ ခလရ (၁၀၅)တပ်ရင်းကို စစ်ကူများပေးပို့ထားပြီး လက်လွှတ်လိုက်ရသည့် စပါးကုန်းတပ်စခန်းကို ပြန်တိုက်ယူရန် လုပ်နေသော်လည်း စစ်ကြောင်းကို ဦးစီးနေရသည့် စစ်ဗိုလ်နှင့် တပ်ဖွဲ့ဝင်အချို့ တပ်မှ ထွက်ပြေးသွားခြင်းကြောင့် စစ်ကြောင်းမှာ ယနေ့အထိ မထွက်နိုင်သေးဘဲ နောက်တန်းတပ်ရင်းမှာပင် သောင်တင်နေသည်။

နိုင်ငံအနှံ့စခန်းသိမ်းနှင့် မြို့သိမ်းတိုက်ပွဲသတင်းများ ဝေဝေဆာဆာ ထွက်ပေါ်နေခြင်းကြောင့် မြစ်ကြီးနားမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အောက်ရှိ စစ်တပ် တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ ကတုတ်ကျင်းတူးနေရသည့် သတင်းများနှင့်အတူ တပ်အတွင်း-အပြင် အဝင်အထွက် စစ်ဆေးရေးကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်လုပ်ဆောင်နေသည့်အကြောင်း တပ်နှင့်နီးစပ်သူများထံက ကြားသိရသည်။

ရှမ်းမြောက်က စစ်ဆင်ရေး ၁၀၂၇ လှိုင်း၊ ကရင်နီပြည်နယ်က ၁၁.၁၁ စစ်ဆင်ရေးလှိုင်း၊ ရခိုင် ပြည်နယ်က တိုက်ပွဲများအပြင်  စစ်ကိုင်းတိုင်းနှင့် ကရင်ပြည်နယ်မှ တော်လှန်ရေးတပ်ဖွဲ့များ၏ စည်းချက်ညီညီ စစ်ဆင်ရေးလှိုင်းများကြောင့် စစ်ကောင်စီအတွက် ပိုမိုအကျပ်ရိုက်လာတော့မည်သာ ဖြစ်သည်။

စာတည်း - ဖူးသိမ်ကျ
စာမူတည်းဖြတ် - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly