မြန်မာ့အရေးဟာ အာဆီယံအတွက် ခက်ခဲတဲ့ ပြဿနာဖြစ်တယ်လို့ ဖိလစ်ပိုင်သမ္မတပြော

By Spring
21 November 2023
မြန်မာ့အရေးဟာ အာဆီယံအတွက် ခက်ခဲတဲ့ ပြဿနာဖြစ်တယ်လို့ ဖိလစ်ပိုင်သမ္မတပြော

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံထဲမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေတာဟာ အာဆီယံအတွက် မြန်မာအရေး ဖြေရှင်းဖို့ ခက်ခဲတဲ့ ပြဿနာတစ်ခု ဖြစ်တယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဖို့ရှိတဲ့ ဖိလစ်ပိုင်သမ္မတ မားကို့စ် ဂျူနီယာက  နိုဝင်ဘာ ၂၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

အာဆီယံအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အဆင်ပြေနိုင်မယ့် ဘုံသဘောတူညီချက် တစ်ရပ်အားရရှိခဲ့‌ပေမယ့် တိုးတက်မှုအနည်းငယ်သာရှိခဲ့ပြီး နှစ်ဖက်တိုက်ပွဲများပိုပြင်းထန်လာတာကြောင့် မြန်မာ့အရေးဟာ  အာဆီယံအသိုင်းအဝိုင်းအတွက်ဖြေရှင်းရခက်စေတဲ့ ပြဿနာတစ်ရပ်ဖြစ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ ဟာဝိုင်အီရှီ ဖိုရမ်တစ်ခုမှာ ဖိလစ်ပိုင်သမ္မတက ပြောဆိုခဲ့တာပါ။ 

မြန်မာ့အရေးဟာ လူသားချင်းစာနာမှုဆိုင်ရာ အကျိုးသက် ရောက်မှု အပါအဝင် ရှုပ်ထွေးခဲ့တယ်လို့လည်း သူကဆိုပါတယ်။

လက်ရှိ  မြန်မာပြည်မှာ ပိုမိုတိုးပွားလာနေတဲ့ စစ်ပွဲတွေကို ရည်ညွှန်းပြီး သမ္မတမားကို့စ်က သုံးသပ်ရာမှာ မြန်မာစစ်အာဏာရှင်အနေနဲ့ သူ့ရဲ့စစ်တပ်ထဲမှာတောင် ထောက်ခံမှု ဆုံးရှုံးနေပြီဖြစ်တယ်လို့  ပြောပါတယ်။

စစ်ကောင်စီရဲ့ အတိုက်အခံတွေအပေါ် အာဏာသိမ်းမှုအလွန် ဖြိုခွင်းမှုကြောင့် စစ်အာဏာရှင် တော်လှန် ရေးလှုပ်ရှားမှုတွေ အားကောင်းလာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်က မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုခံခဲ့ရပြီးနောက် ဒီမိုကရေစီစနစ်အပါအဝင် တိုင်းပြည်ရဲ့ စီးပွားရေး ပြိုပျက်မှုတွေဖြစ်ပေါ်စေခဲ့သလို လူတစ်သန်းကျော်ဟာလည်း အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတာပါ။

မြန်မာပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ အာဆီယံအတွက် တွန်းအားအကြီးအကျယ် ရှိနေပေမဲ့ အရမ်းကို ခက်ခဲတဲ့ ပြဿနာဖြစ်တယ်လို့ မားကို့စ်က ပြောပါတယ်။

ဖိလစ်ပိုင်ဟာ မြန်မာနိုင်ငံရဲ့ အလှည့်ကျအိမ်ရှင်အဖြစ် အစားထိုးယူပြီးနောက် ၂၀၂၆ ခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမှာဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ ဒီမိုကရေစီဘက်တော်သားတွေရဲ့ ထိုးစစ်ဆင်မှုကို ခုခံ နေရတာကြောင့် အောက်တိုဘာလနောက်ပိုင်း နောက်ထပ် ထောင်နဲ့ချီတဲ့ပြည်သူတွေ အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။

မကြာသေးမီနှစ်တွေအတွင်း မြန်မာပဋိပက္ခကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှု မြင့်တက်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံသားတွေလည်း မြန်မာနိုင်ငံမှာ လူမှောင်ခိုကူးခံရတာတွေ ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ ဖိလစ်ပိုင်သမ္မတကတော့ အာရှ-ပစိဖိတ် ဒေသတွင်းမှာ တာဝန်သိတဲ့အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံအနေနဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနဲ့သာယာဝပြောရေးအတွက် လုပ်ဆောင်သွားမယ်လို့ ကတိကဝတ်ပြုထားပါတယ်။

မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၂ လနီးပါးအကြာ ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ အာဆီယံခေါင်းဆောင်တွေဟာ မြန်မာ့အရေး အဖြေရှာဖို့ ဆိုပြီး မြန်မာစစ်ခေါင်းဆောင်နဲ့ ဂျာကာတာမြို့မှာ တွေ့ဆုံကာ ဘုံသဘောတူညီချက် ၅ ချက်ကို သဘောတူခဲ့ကြပါတယ်။

ဘုံသဘောတူညီချက်တွေထဲမှာ အကြမ်းဖက်မှုလျှော့ချရေး၊ လူသားချင်းစာနာမှုအကူအညီ၊ အလှည့်ကျ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာ့အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်ရေးစတဲ့အချက်တွေပါဝင်ပါတယ်။

အာဆီယံအဖွဲ့ရဲ့ ၂ နှစ်ကြာပြီဖြစ်တဲ့ ငြိမ်းချမ်းရေး လမ်းညွှန်မြေပုံကို ဖော်ဆောင်ဖို့ ကတိမပေးသရွေ့ အာဆီယံအဖွဲ့က မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေကို ဒေသတွင်း ထိပ်သီးအစည်းအဝေးတွေမှာ တက်ရောက်ခွင့်မပြုဖို့ ပိတ် ပင်ထားတာဖြစ်ပါတယ်။

#politicalnews
#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly