စစ်ကောင်စီရဲ့ အဆိပ်ငွေ့ဗုံးသုံး လေကြောင်းတိုက်ခိုက်မှု အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာအနေနဲ့ အရေးယူပေးဖို့ TNLA တောင်းဆို

By Spring
21 November 2023
စစ်ကောင်စီရဲ့ အဆိပ်ငွေ့ဗုံးသုံး လေကြောင်းတိုက်ခိုက်မှု အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာအနေနဲ့ အရေးယူပေးဖို့ TNLA တောင်းဆို

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့ စခန်းသစ် လုံခြုံရေးကုန်းအား တအာင်းတပ်မတော် (TNLA) တိုက်ခိုက် သိမ်းပိုက်ရမိပြီးနောက် စစ်ကောင်စီဘက်မှ အဆိပ်ငွေ့ဗုံး စတင် အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLA မှ နိုဝင်ဘာလ ၁၉ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

TNLA ဘက်က နိုဝင်ဘာ ၁၇ ရက်နေ့က သိမ်းယူခဲ့တဲ့ နမ့်ခမ်းမြို့က စခန်းသစ်လုံခြုံရေးကုန်းကို စစ်ကောင်စီတပ်တွေက နိုဝင်ဘာ ၁၈ ရက်နေ့မှာ အဆိပ်ငွေ့တွေပါဝင်တဲ့ ဓါတုဗုံးအသုံးတိုက်ခိုက်ခဲ့ပြီး၊ အဲဒီအဆိပ်ငွေ့တွေကြောင့် TNLA တပ်ဖွဲ့ဝင်တွေ ဆေးကုသမှုခံယူနေရပြီး၊ အဲဒီဓါတုဗုံးအမျိုးအစားကို စိစစ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် စစ်ကောင်စီက အဆိပ်ငွေ့ ဗုံးနဲ့ ပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်ရပ်ကို TNLAက အသိပေးထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီကို အရေးယူပေးဖို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာထံ တောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတကာမှ တားမြစ်ပိတ်ပင်ထားတဲ့ ဓာတုဗေဓလက်နက် အဆိပ်ငွေ့ဗုံးအား လေယာဉ်မှ ပစ်ချကာ တိုက်ခိုက်ခဲ့မှုကို နိုဝင်ဘာ ၁၈ရက်နဲ့ နိုဝင်ဘာ ၄ရက်တို့မှာ ပြုလုပ်ခဲ့တယ်လို့ အသိပေးထားပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီတိုက်ပွဲတွေမှာ TNLA ဘက်က ထိခိုက် သေဆုံးမှုများတဲ့အတွက် အဆိပ်ဓာတ်ငွေ့တွေနဲ့ တိုက်ခိုက်တယ်ဆိုပြီး သတင်းလွှင့်နေတာလို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာတွေကနေတစ်ဆင့် နိုဝင်ဘာလ ၂၀ ရက်မှာ တုံ့ပြန်ပြောဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတချို့မှာ စစ်ကောင်စီတပ်က ဓာတုလက်နက် အဆိပ်ငွေ့ဗုံးတွေ အသုံးပြုတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်က မမှန်ကန်ဘူးလို့ သူကဆိုပါတယ်။

TNLA ကတော့ အခုလို တိုက်ခိုက်မှုကြောင့် TNLA ရဲဘော်အချို့ဟာ ပုံစံတူအဆိပ်သင့်ပြီး ခန္ဓာကိုယ်မှာ ထိရှဒဏ်ရာ တစ်စုံတစ်ရာမရရှိဘဲ မူးဝေခြင်း၊ အသက်ရှုမြန်ဆန်ခြင်း၊ မအီမသာခံစားရခြင်း၊ စိတ်လှုပ်ရှားမြန်ဆန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျခြင်းများကို ပြင်းထန်စွာ ခံစားနေကြရကြောင်း ၊အဆိုပါ ရဲဘော်များကို TNLA ကျန်းမာရေးဌာနက ဆေးဝါးကုသမှုပေးနေကြောင်း ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ထိတွေ့တိုက်ပွဲတွေမှာ အခုလို စစ်ရာဇဝတ်မှုကျူးလွန်ပြီး နိုင်ငံတကာမှ တားမြစ်ပိတ်ပင်ထားတဲ့ ဓာတုဗေဓလက်နက်အား အသုံးပြုကာ တိုက်ခိုက်ခြင်း ၊နိုင်ငံတကာ ရာဇဝတ်မှုများ ကျူးလွန်ကာ ရပ်ရွာ ပြည်သူလူထုနဲ့  အိုးအိမ်များအား ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်နေကြောင်း TNLAက ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းများ၊ လူသားချင်းစာနာထောက်ထားတဲ့ အဖွဲ့အစည်းများ အနေနဲ့  မြန်မာပြည်သူလူထုများအား ဝိုင်းဝန်းစောင့်ရှောက်ပေးရန်နဲ့  စစ်ရာဇဝတ်မှု ၊နိုင်ငံတကာ ရာဇဝတ်မှုများ ကျူးလွန်နေတဲ့ စစ်ကောင်စီအား အရေးယူပေးနိုင်ရန် သတင်းထုတ်ပြန်ကြောင်း TNLAက တောင်းဆိုထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ရဲ့ တပ်စခန်း ၁၆၀ ကျော်နဲ့ မြို့တချို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ  ၁၀၂၇ စစ်ဆင်ရေးအတွင်း အထိနာနေတာကြောင့် လေကြောင်း ၊ လက်နက်ကြီး တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တာကြောင့် ကလေးငယ်များအပါအဝင် ပြည်သူလူထုသေဆုံးထိခိုက်မှုများ ရှိခဲ့တယ်လို့ ညီနောင်မဟာမိတ်တပ်များက အသိပေးထုတ်ပြန်ထားပါတယ်။

#politicalnews
#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly