၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီ ဝတ်ဆင်ခဲ့တဲ့ ဂျာစီတွေကို လေလံပွဲမှာ ဒေါ်လာ ၁၀ သန်းအထက် ရရှိမည်ဟု ခန့်မှန်း

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီ ဝတ်ဆင်ခဲ့တဲ့ ဂျာစီတွေကို လေလံပွဲမှာ ဒေါ်လာ ၁၀ သန်းအထက် ရရှိမည်ဟု ခန့်မှန်း

အာဂျင်တီးနားအသင်း အောင်ပွဲခံခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း လီယွန်နယ် မက်ဆီ ဝတ်ဆင်ခဲ့တဲ့ ဂျာစီ ခြောက်ထည်ကို ဒီဇင်ဘာလမှာ လေလံတင်ရောင်းချမယ်လို့ Sotheby's က တနင်္လာနေ့မှာ ကြေညာခဲ့ပြီး ၎င်းတို့ရဲ့တန်ဖိုးက ဒေါ်လာ ၁၀ သန်းကျော်လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ဘောလုံးကြယ်ပွင့်ဟာ အဆိုပါအင်္ကျီတွေကို ဆော်ဒီအာရေးဗီးယား၊ မက္ကဆီကိုအသင်းတိုနဲ့ အုပ်စုအဆင့်ပွဲစဉ်တွေအပြင် ဩစတြေးလျ၊ နယ်သာလန်နှင့် ခရိုအေးရှားအသင်းတို့နဲ့ ကစားခဲ့တဲ့ နောက်ပိုင်းပွဲတွေနဲ့ ပြင်သစ်နဲ့ ဗိုလ်လုပွဲတို့မှာလည်း ဝတ်ဆင်ခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် ကာတာမှာ အာဂျင်တီးနားအသင်းရဲ့ အောင်ပွဲက အရင် ကမ္ဘာ့ဖလား လေးကြိမ်မှာ ချန်ပီယံဆု မရယူနိုင်ခဲ့သူ မက်ဆီအတွက် ပြီးပြည့်စုံတဲ့ အောင်မြင်မှုဖြစ်ခဲ့ပါတယ်။

တကယ်ပဲ ဂျာစီတွေဟာ ဒေါ်လာ ၁၀ သန်းအထက် ရရှိမယ်ဆိုရင် လေလံတင်ရောင်းချခဲ့သမျှ တန်ဖိုးအကြီးဆုံး အားကစားအမှတ်တရ ပစ္စည်းများအစု ဖြစ်လာနိုင်တယ်လို့ Sotheby's က ပြောပါတယ်။

လေလံပွဲမှာ ရောင်းချဖူးသမျှ တန်ဖိုးအကြီးဆုံး သီးခြားဂျာစီကတော့ ၁၉၉၈ ခုနှစ်က Chicago Bulls နဲ့အတူ ဘတ်စကက်ဘော ဂန္တဝင် မိုက်ကယ်ဂျော်ဒန်ရဲ့ NBA ဖိုင်နယ်ပွဲစဉ်အတွင်း ဝတ်ဆင်ခဲ့တဲ့ ဂျာစီတထည်ဖြစ်ပါတယ်။

၎င်းကို ပြီးခဲ့နှစ်က ဒေါ်လာ ၁၀.၁ သန်းဖြင့် ရောင်းချခဲ့တာပါ။

အားကစားဆိုင်ရာ အမှတ်တရပစ္စည်းစုတွေ ရောင်းချတဲ့ လေလံတင်ပွဲတွေကို စီစဉ်ကြီးကြပ်ရာမှာ လေလံကုမ္ပဏီတွေဟာ မကြာသေးမီနှစ်များအတွင်း အရေးပါတဲ့ အခန်းကဏ္ဍကနေ  ပါဝင်လာပြီး ကြီးထွားလာနေတဲ့ ဈေးကွက်တခုလို့ သူတို့က ယူဆခဲ့ကြပါတယ်။

အားကစားသမားတွေ အမှတ်တရ ပစ္စည်းအစုတွေကို စီမံခန့်ခွဲရာမှာ ကူညီပေးတဲ့ အမေရိကန် startup နည်းပညာကုမ္ပဏီ AC Momento မှ အဆိုပါအင်္ကျီတွေကို လေလံတင်ရာမှာ ပါဝင်လာတာဖြစ်ပါတယ်။

လေ့လံတင်ရောင်းချရာက ရရှိလာတဲ့ ငွေကြေးတချို့ကို UNICAS ပရောဂျက်အတွက် လှူဒါန်းမှာဖြစ်ပါတယ်။ ပရောဂျက်ဟာ ရှားပါး ရောဂါရ ကလေးတွေကို ကူညီတဲ့ ဘာစီလိုနာကလေးဆေးရုံတခုနဲ့ ဆက်စပ်တဲ့ အစပျိုးမှုတခုဖြစ်ပါတယ်။

အဆိုပါဂျာစီတွေကို နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၁၄ ရက်အထိ လေလံတင်ရောင်းချချိန်မှာ အများပြည်သူတွေ ကြည့်ရှုနိုင်ဖို့အတွက် အခမဲ့ဖွင့်လှစ်ထားမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly