နမ့်ဆန်တွင် လူနေကျေးရွာပေါ်  စစ်ကောင်စီ ပေါင် ၅၀၀ ဗုံးကြဲ၊ အရပ်သား ၂ဦးသေ ၇ ဦးဒဏ်ရာရ

By 009 (မဇ္ဈိမ)
20 November 2023
နမ့်ဆန်တွင် လူနေကျေးရွာပေါ်  စစ်ကောင်စီ ပေါင် ၅၀၀ ဗုံးကြဲ၊ အရပ်သား ၂ဦးသေ ၇ ဦးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊တအာင်း(ပလောင်)ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ်တဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ခုနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများကပြောသည်။

နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာတွင် နိုဝင်ဘာလ ၁၉ ရက် ည ၁၀ နာရီဝန်းကျင်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယင်းကဲ့သို့ တိုက်ခိုက်ခြင်းဟု သိရသည်။

" ညသန်းခေါင်မှာ ဗုံးလာကြဲသွားတော့ ကျွန်မတို့လည်း ပြေးရတယ်။ ဗုံးထိမှန်တဲ့ အိမ်က ကလေးရော၊လူကြီးရော ပွဲချင်းပြီး ဆုံးသွားတယ်။ ဗုံးက အရမ်းကြီးတော့ အိမ်တွေအများကြီးကို ထိခိုက်သွားတာ "ဟု ဒေသခံ အမျိုးသမီးတဦးက ပြောသည်။

ထိုတိုက်ခိုက်မှုကြောင့် ဒေသခံအများအပြားသည်နီးစပ်ရာလက်ဖက်ခြံများအတွင်း  ညတွင်းချင်း ထွက်ပြေးခဲ့ကြရသည်ဟု ဆိုသည်။

စစ်ကောင်စီက လေကြောင်းမှ ကြဲချတိုက်ခိုက်ခဲ့သည့် ပေါင် ၅၀၀ ဗုံးသည် မြို့သစ်ကျေးရွာ ဒေသခံ တားဆန်းနော်၏နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး တားဆန်းနော်နှင့် ကလေးငယ်တဦး သေဆုံးခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က  ယနေ့ နိုဝင်ဘာလ ၂၀ရက်နံနက်တွင်ထုတ်ပြန်သည်။ ဒေသခံ ခုနှစ်ဦး ဒဏ်ရာရခဲ့ပြီး နေအိမ်၂၅ လုံးမီးလောင်ပျက်စီးခဲ့သည်ဟု TNLAက ထုတ်ပြန်ထားသည်။

မြို့သစ်ကျေးရွာသည် နမ့်ဆန်မြို့နယ်နှင့်ကျောက်မဲမြို့နယ်စပ်၌ ရှိပြီး  တအာင်းလူမျိုး အများစုနေထိုင်ကြသည့်  အိမ်ခြေ ၁၀၀ ကျော်ရှိသော ကျေးရွာဖြစ်သည်။ယနေ့ နိုဝင်ဘာလ ၂၀ရက်၊နေ့လည် ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီကမြို့သစ်ကျေးရွာသို့  လက်နက်ကြီး ‌၁၀လုံး ထက်မနည်း ပစ်ခတ်ခဲ့သည်ဟု နမ့်ဆန်မြို့ခံများကပြောသည်။ ထိခိုက်ပျက်စီးမှုကိုမသိရသေးပေ။

စစ်ကောင်စီတပ်သည် ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီခန့်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊  နမ့်ခမ်းမြို့နယ်၊မန်မိုင်ကျေးရွာကို ဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်ရာဒေသခံ နှစ်ဦးဒဏ်ရာရခဲ့ပြီး နေအိမ် ၁၂ လုံးပျက်စီးခဲ့သည်ဟုသိရသည်။ နမ့်ခမ်းမြို့နယ်အတွင်း စစ်ကောင်စီက အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။ ယနေ့ညနေ  ၃ နာရီခွဲတွင်လည်း  စစ်ကောင်စီတပ်က မန်မိုင်ကျေးရွာကို လေကြောင်းမှ ထပ်မံ၍ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အထက်ပါတိုက်ခိုက်မှုများအပြင် TNLAနှင့် မန္တလေးPDF ပူးပေါင်းတပ်များ  သိမ်းယူထားသည့် နောင်ချိုမြို့နယ်၊ ဒိုပင်ရဲစခန်းကို ယမန်နေ့ည ၉နာရီခန့်တွင်   စစ်ကောင်စီလေက  ပေါင် ၅၀၀ ဗုံးကြဲချခဲ့သည်ဟု သိရသည်။ ထိုဖြစ်စဉ်၌  ရဲစခန်းအတွင်းရှိ  စစ်သုံ့ပန်း လေးဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရခဲ့သည်ဟု  TNLAက ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ရက္ခိုင့်တပ်တော် (AA)နှင့် TNLA တို့ဦးဆောင်တိုက်ခိုက်နေသည့်၁၀၂၇ စစ်ဆင်ရေး၌ အထိအခိုက်များပြားနေသည့်စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်မှုများ ပိုမိုပြုလုပ်နေသည်။

စာတည်း - အေးချမ်း
#Mizzima
#နမ့်ဆန်မြို့နယ်
#ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ 
#ပေါင်၅၀၀ဗုံးကြဲ
#ဒေသခံများထိခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly