သင်္ကန်းကျွန်း အ.ထ.က(၂) ကျောင်းတွင် မြို့နယ်ပညာရေးမှူးအဖွဲ့က   နိုင်ငံရေးနှင့်သက်ဆိုင်သည်များ လူမှုကွန်ရက်ပေါ် မတင်ရန် ခြိမ်းခြောက် 

By ဓါတု (မဇ္ဈိမ)
20 November 2023
သင်္ကန်းကျွန်း အ.ထ.က(၂) ကျောင်းတွင် မြို့နယ်ပညာရေးမှူးအဖွဲ့က   နိုင်ငံရေးနှင့်သက်ဆိုင်သည်များ လူမှုကွန်ရက်ပေါ် မတင်ရန် ခြိမ်းခြောက် 

ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်အဆင့်ပညာရေးမှူးအဖွဲ့က  ကျောင်းသား၊ ကျောင်းသူများအား လူမှုကွန်ယက်ပေါ်တွင် နိုင်ငံရေးနှင့် သက်ဆိုင်သည့် အကြောင်းအရာများ တင်ပါက ပြစ်မှုမြောက်သည်ဟု  ခြိမ်းခြောက်ဟောပြောသွားကြောင်း  မြို့ခံသတင်းရင်းမြစ်ထံက သိရသည်။

"ကလေးတွေကို ဖေ့စ်ဘွတ်မှာ မဟုတ်မမှန်တဲ့ နိုင်ငံရေးပိုစ့်ကို Like and Share မလုပ်ဖို့၊ မတင်ဖို့ လုပ်ထားရင် ပြန်ဖျက်ဖို့နဲ့ ဘယ်လို ပြစ်မှုမြောက်တယ်ဆိုတာ ကလေးတွေကို ပြောသွားတာ။ အဲ့ဒီကျောင်းကကလေးတွေ လာပြောလို့ သိရတာ။ ဟောပြောပွဲကို စခ( စစ်ကောင်စီတပ်)တွေ သေနတ်ကိုင်ပြီးလာစောင့်နေတာ"ဟု သင်္ကန်းကျွန်းမြို့ခံ မြေပြင်ကင်းထောက် တဦးက မဇ္စျိမကိုပြောသည်။

 ပြည်သာယာလမ်း ဇ/တောင်ရပ်ကွက်ရှိ အဆိုပါစာသင်ကျောင်းတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့က  ကျောင်းသား၊ ကျောင်းသူများကို  စစ်ကောင်စီတပ်၊ ကျောင်းအုပ်နှင့် ဆရာ၊ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့်တကွ ဟောပြောခန်းတွင်  အစည်းအဝေးခေါ်ကာ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနမှ မြို့နယ်ပညာရေးမှူးဦးသိန်းထွန်း ထိုသို့ပြောဆိုသွားခြင်းဖြစ်ကြောင်းသိရသည်။

ယင်းသို့ဟောပြောခြင်းကို သင်္ကန်းကျွန်း မြို့နယ်အတွင်း ထိုစာသင်ကျောင်းတွင်သာ ဟောပြောခဲ့ခြင်းဖြစ်ပြီး အခြားရပ်ကွက်စာသင်ကျောင်းများတွင် ဟောပြောခြင်းမရှိသေးကြောင်း မြို့ခံများကဆိုသည်။
 
ထို့ပြင် ယနေ့နိုဝင်ဘာလ ၂၀ ရက်၌ အိမ်စီးကားဖြင့် လာရောက်သည့် စစ်ကောင်စီတပ်သား ငါးဦးက ထိုကျောင်းရှိ အထက်တန်း ကျောင်းသားများ စာသင်ကြားနေသည့် အခန်းများသို့ လေ့လာသည့် ပုံစံဖြင့် ခဏဝင်ရောက်စစ်ဆေးသွားကြောင်း သိရသည်။ 

“ သေနတ်ထမ်းနိုင်တဲ့အရွယ်၊ အရပ်အမောင်းကို လာလေ့လာသွားတယ်ဆိုပြီး  လူတွေက ထင်ကြေးပေးနေကြတာပေါ့” ဟု ဒေသခံ တဦးက ဆိုသည်။ 
 
အဆိုပါစာသင်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ဦးရေ ၄၀၀ အထက်ရှိ၍ ပြီးခဲ့သည့်ဇွန်လကလည်း စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကျင်းပခဲ့ခြင်းကြောင့် ဝေဖန်မှုမြင့်တက်ခဲ့သေးကြောင်း ဒေသခံများထံက သိရသည်။

ယင်း အ.ထ.က (၂)စာသင်ကျောင်းအရှေ့တွင် ပြီးခဲ့သည့်နှစ် ၂၀၂၂ ဖေဖော်ဝါရီလ ၄ ရက်က မြင်းခွာတချက်ပေါက်လျှင် မီးဟုန်းဟုန်းတောက်စေရမည် " စာသားပါ ဘန်နာချိတ်ဆွဲခြင်း ခံခဲ့ရသည်။

ထိုဘန်နာအား အ.ထ.က (၂) ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဦးစီး၍ သင်္ဃန်းကျွန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၊အ.ထ.က (၁) သင်္ဃန်းကျွန်းကျောင်းများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၊ အမေ့အိမ်ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှချိတ်ဆွဲခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
# သင်္ကန်းကျွန်း
#အထက(၂)ကျောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly