မီဇိုရမ်ဘက် ထွက်ပြေးသည့် စစ်ကောင်စီတပ်သား ၂၉ ဦးကို အိန္ဒိယက မြန်မာသို့ ပြန်ပို့

By The Telegraph Online
20 November 2023
မီဇိုရမ်ဘက် ထွက်ပြေးသည့် စစ်ကောင်စီတပ်သား ၂၉ ဦးကို အိန္ဒိယက မြန်မာသို့ ပြန်ပို့

မြန်မာနိုင်ငံ ချင်းပြည်နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် ပြင်းထန် တိုက်ပွဲများဖြစ်ပြီး အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးရောက်ရှိခဲ့သည့် စစ်ကောင်စီတပ်သား ၂၉ ယောက်ကို နိုဝင်ဘာ ၁၉ ရက်တွင် မြန်မာဘက်သို့ ပြန်ပို့လိုက်ကြောင်း အိန္ဒိယတာဝန်ရှိသူတဦးက ပြောသည်။

အဆိုပါ ၂၉ ဦး အပါအဝင် မြန်မာစစ်ကောင်စီ စစ်သား စုစုပေါင်း ၇၄ ဦးသည် များမကြာမီက တိုက်ပွဲများအတွင်း ၎င်းတို့၏ စခန်းများ စီးနင်းခံရပြီးနောက် နယ်စပ် ဖြတ်ကာ အိန္ဒိယဘက်သို့ ထွက်ပြေးရောက်ရှိခဲ့ကြပြီး ၎င်းတို့ကို အိန္ဒိယအာဏာပိုင်များက မြန်မာဘက်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း အိန္ဒိယတာဝန်ရှိသူက ပြောသည်။

ချင်းပြည်နယ်ရှိ သီဘွာလ် စခန်းကို ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့က စီးနင်းပြီးနောက် စစ်ကောင်စီ စစ်သား ၂၉ ဦးသည် နိုဝင်ဘာ ၁၆ ရက်က မီဇိုရမ်ထဲ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

“အဲဒီ မြန်မာစစ်ကောင်စီစစ်သားတွေကို ကာကွယ်ရေးအာဏာပိုင်တွေက မဏိပူရ်ရဲ့ မိုရေးမြို့ကို ပို့ဆောင်ပေးခဲ့တယ်။ မိုရေးကနေတဆင့် သူတို့ဟာ တမူးမြို့ကို ဆက်သွားခဲ့ပါတယ်” ဟု အိန္ဒိယတာဝန်ရှိသူက ပီတီအိုင်သတင်းဌာနကို ပြောသည်။

စစ်ကောင်စီတပ်သားများသည် မီဇိုရမ်၏ ချမ်ဖိုင်ဒေသသို့ ခြေလျင် ရောက်လာခြင်းဖြစ်ပြီး ၎င်းတို့ကို အာသံရိုင်ဖယ်တပ်ဖွဲ့နှင့် ပြည်နယ်ရဲတပ်ဖွဲ့တို့က လက်ခံထိန်းသိမ်းခဲ့ကြောင်း တာဝန်ရှိသူက ပြောသည်။

၎င်းတို့ကို အာသံရိုင်ဖယ်တပ်ဖွဲ့က ထိန်းသိမ်းပြီးနောက် နိုင်ငံရင်းသို့ ပြန်ပို့ခြင်း ဖြစ်ကြောင်း သူမက ပြောသည်။

အစောပိုင်းကလည်း မီဇိုရမ်သို့ ထွက်ပြေးရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅ ဦးကို အိန္ဒိယက မြန်မာဘက်သို့ ပြန်လည်ပို့ဆောင်ထားခဲ့သေးသည်။

လက်ရှိတွင် အိန္ဒိယ-မြန်မာ နယ်စပ်တလျောက် အခြေအနေ တည်ငြိမ်နေပြီး နိုဝင်ဘာ ၁၅ ရက်နောက်ပိုင်း တိုက်ပွဲသတင်းမကြားရဟု အိန္ဒိယတာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်က မြန်မာဘက်ခြမ်းတွင် တိုက်ပွဲများ စဖြစ်ပြီးနောက် အရပ်သား ၅,၀၀၀ ခန့်သည် နယ်စပ်ဖြတ်ကာ မီဇိုရမ်သို့ ရောက်ရှိခဲ့ကြောင်း အိန္ဒိယရဲတဦးက ပြောသည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာမှ အိန္ဒိယဘက်သို့ ထွက်ပြေးလာသူ ၃၁,၀၀၀ ကျော်ကို မီဇိုရမ်ပြည်နယ်က ခိုလှုံခွင့်ပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly