လောက်ကိုင်မြို့တွင် ဓာတ်ဆီ ၁ လီတာ ကျပ် ၁၀၀,၀၀၀ စျေးပေါက်

By ရွှေနွယ်( မဇ္ဈိမ )
20 November 2023
လောက်ကိုင်မြို့တွင် ဓာတ်ဆီ ၁ လီတာ ကျပ် ၁၀၀,၀၀၀ စျေးပေါက်
ပုံအညွှန်း − လောက်ကိုင်တွင် ဆီဝယ်ယူနေကြသူများ

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့၌ ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဓာတ်ဆီတလီ  တာလျင် ကျပ် ၁၀၀,၀၀၀ ပေါက်စျေးရှိနေကြောင်း ဒေသခံတို့၏ပြောဆိုချက်အရ သိရသည်။
“တလီတာကို တသိန်း၊ တဂါလံငါးသိန်းလောက်နဲ့ ၂၀ လီတာပါ ပုံးဝါတပုံးကို သိန်း ၂၀ ပါ” ဟု လောက် ကိုင်ဒေသခံတဦးက ပြောသည်။

လောက်ကိုင်မြို့အတွင်း၌ လျှပ်စစ်မီးပြတ်တောက်နေသည်မှာ ရက်သတ္တပတ်တပတ်ခန့် ကြာမြင့်ပြီဖြစ် သောကြောင့် ဖုန်းအားသွင်းခြင်းနှင့် အခြားလျှပ်စစ်ပစ္စည်းများအတွက် မီးစက်ကိုသာအသုံးပြုရကြောင်း ဒေသခံများက ပြောသည်။

ယင်းသို့ စျေးနှုန်းများကြီးမြင့်နေသော်လည်း ဓာတ်ဆီကို လိုသလောက်ဝယ်ယူ၍ မရတော့ကြောင်း သိရ သည်။

အခြေခံစားသောက်ကုန်များဖြစ်သော ဆန် တအိတ်လျင် ၈၀၀,၀၀၀ ကျပ်၊ ကြက်ဥ ၁၀ လုံး တကတ်လျင် ၆၀,၀၀၀ ကျပ်၊ ငရုတ်သီး ၃၀ သားလျင် ၁၆၀,၀၀၀ ကျပ်နှင့် ခေါက်ဆွဲခြောက်တဖာလျင် ၈၀,၀၀၀ ကျပ် ဝန်းကျင် ပေါက်စျေးရှိနေကြောင်း သိရသည်။

“မီးပျက်နေတာ တပတ်လောက်ရှိပြီ။ ဖုန်းလိုင်းတွေပျက်တာတော့ ပြီးခဲ့တဲ့ လကုန်လောက်တည်းကပဲ။ လောက်ကိုင်မှာ အလုပ်တွေလည်းနားလိုက်တော့ ဝင်ငွေကမရှိ၊ ကုန်စျေးနှုန်းတွေက အရမ်းတက်၊ အိမ် ပြန်ဖို့လည်း လောက်ကိုင်ကနေထွက်မရတော့ဘူးဆိုတော့ အရမ်းကို ဒုက္ခရောက်နေကြတာ။ ဘာဆက် ဖြစ်မယ် ဘယ်သူမှမသိနိုင်ဘူး” ဟု လောက်ကိုင်မြို့တွင် သွားရောက်အလုပ် လုပ်ကိုင်နေသူတဦးကပြော သည်။

ပုံအညွှန်း − လောက်ကိုင်တွင် ပြီးခဲ့သည့်ရက်ပိုင်းအကြာက ဆန်လုယက်ဝယ်ယူကြသူများ

လောက်ကိုင်မြို့သည် တရုတ်−မြန်မာနယ်စပ်တွင်တည်ရှိသည့် ခရိုင်မြို့တမြို့ဖြစ်သည်။ စစ်ဆင်ရေး ၁၀၂၇ စတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်နောက်ပိုင်းမှစတင်ကာ လောက်ကိုင်မြို့အတွင်းရှိ လုပ်ငန်း များအားလုံး ရပ်ဆိုင်းသွားသောကြောင့် လောက်ကိုင်သို့ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းလုပ်သား များ နေရပ်ပြန်ရန် ကြိုးပမ်းခဲ့ကြသည်။

သို့သော် လောက်ကိုင်နှင့် လေးမိုင်ခန့်အကွာတွင်ရှိသည့် ပါစင်ကျော်ဒေသနှင့် ချင်းရွှေဟော်မြို့ကြားတွင် တိုက်ပွဲများဖြစ်ပွားနေသောကြောင့် ဖြတ်သန်းခွင့်မရသလို ပါစင်ကျော်အနီးပိတ်မိနေစဉ် စစ်ကောင်စီတပ် က လေကြောင်းမှဗုံးကြဲတိုက်ခိုက်သည့်အတွက် လောက်ကိုင်မြို့အတွင်သို့ ပြန်လည် ဝင်ရောက်ခဲ့ကြရ သည်။

လက်ရှိတွင် ချင်းရွှေဟော်မှ ပါစင်ကျော်အထိ ဒေသတလျှောက်အား မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) မှ ထိန်းချုပ်ထားပြီဖြစ်သည်။

ပုံအညွှန်း − ပြီးခဲ့သည့်ရက်ပိုင်းအကြာကနေရပ်ပြန်ကြစဉ်ပါစင်ကျော်တွင် ပိတ်မိခဲ့ကြသည့်မြင်ကွင်း

ထို့ပြင် လောက်ကိုင်မြို့သို့ ဝင်ရောက်တိုက်ခိုက်တော့မည်ဖြစ်သောကြောင့် တပ်ဖွဲ့ဝင်များလိုက်နာရန် စည်းကမ်းများကို နိုဝင်ဘာ ၁၄ ရက်နေ့က MNDAA မှထုတ်ပြန်ခဲ့ပြီး နိုဝင်ဘာ ၁၈ ရက်နေ့တွင်လည်း မြို့အတွင်းရှိ တရုတ်နိုင်ငံသားများ နေရပ်ပြန်ရန်နှင့် အရပ်သားများ စစ်ကောင်စီနှင့် ဝေးဝေးနေထိုင်ကြ ရန် အသိပေးချက်ထုတ်ပြန်ထားသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly