နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၉ နိုဝင်ဘာ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၉ နိုဝင်ဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ

⦁    ပဲခူးတိုင်းရေတာရှည်မြို့နယ်၊ ပိတောက်ကုန်းကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ ခလရ ၈၄ မှ ဗိုလ်မှူးတစ်ဦးအပါအဝင် ၄၀ ကျော်သေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဌာန က တရားဝင်ထုတ်ပြန်သည်။

⦁    မြို့နယ် ၅ ခုတွင် အင်တာနက် ဆက်သွယ်ရေး တိုးချဲ့မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ဘဏ္ဍာရေး ရန်ပုံငွေရှာဖွေမည့် Federal Net Campaign ပြုလုပ်သွားမည်ဖြစ်ကြောင်း ယမန်နေ့ကပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဦးထင်လင်းအောင်ကပြောသည်။

⦁    ကရင်နီပြည်နယ် ကြားကာလလွှတ်တော်(KSIP)ကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရ ရှိခဲ့သည့်  ပြည်နယ်လွှတ်တော် အမျိုးသားလွှတ်တော် လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးနှင့် ဖွဲ့စည်းလိုက်ကြောင်း ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီက နိုဝင်ဘာလ ၁၇ ရက်နေ့၌ ထုတ်ပြန်သည်။

⦁    မြေပြင်တွင်ပြည်သူများကို ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ကရင်နီပြည် တော်လှန်ရေး တပ်ပေါင်းစုံနှင့် လူမှုအခြေပြုအဖွဲ့အစည်းများ အားလုံးတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) တို့က အထူးကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်သည်။

⦁    စစ်ကိုင်းတိုင်း ကောလင်းခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အနေဖြင့် ကောလင်းခရိုင်အတွင်းက ပြည်သူလူထုအတွက် ငွေကြေးဝန်ဆောင်မှုပေးနေသည့် ပုဂ္ဂလိကဘဏ်များ၏ လုံခြုံရေး စောင့် ရှောက် ပေးနိုင်ရန်နှင့် အများပြည်သူပိုင်ဆိုင်မှု နစ်နာဆုံးရှုံးမှုမရှိစေရန်အတွက် အမျိုးသား ညီညွတ်ရေးအစိုးရ ကြားကာလ ဗဟိုဘဏ်က ထုတ်ပြန်လိုက်သည်။

⦁    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊အမျိုးသားညီညွတ်ရေးအစိုးရ ၊နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်ရှိပြီး ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးစောဘလှသိန်းနှင့် ရုံးအဖွဲ့ဝင်အချို့က သွားရောက် ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

⦁    မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာအနီး တိုက်ပွဲ၌ စစ်ကောင်စီတပ်သားများ လက်နက်ချ အညံ့ခံသည့်ရုပ်သံမှတ်တမ်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူး စစ်ဆင်ရေး တပ်ဖွဲ့က ထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

⦁    တနင်္သာရီတိုင်း ကြားကာလအစီအမံ ကြိုတင်ပြင်ဆင်ခြင်းဆိုင်ရာ ဥပဒေကြမ်း ရေးဆွဲအတည်ပြု လိုက် ခြင်း သည် ဒေသတွင်း နိုင်ငံရေး၊ တော်လှန်ရေးအင်အားစုများကို တရားဝင် အသိပေးခြင်း လုံးဝမရှိ ကြောင်း တနင်္သာရီတိုင်းအတွင်းရှိ အင်အားစုများက ဝေဖန်ပြောဆိုလိုက်သည်။

⦁    အကြမ်းဖက် စစ်ကောင်စီက လုံခြုံရေးပိုမိုတင်းကျပ်ထားသော ရန်ကုန်မြို့တွင် "အဘအတွက် အသေခံမလား၊ ပြည်သူ့ထံအလင်းဝင်မလား မင်းတို့ရွေး" ပိုစတာ စာသားနှင့် တိုက်ပွဲဝင် PDF အလံတော်ကို လွှင့်ထူသည့် လှုပ်ရှားမှုကို ရန်ကုန်မြို့တော်လှန်ရေးအင်အားစုများက ယနေ့ စုပေါင်း၍ ဆောင်ရွက်ကြသည်။

⦁    မုံရွာမြို့တွင် သပိတ်အင်အားစုမှ လူငယ်များဦးဆောင်၍ စစ်ကောင်စီတပ်သားများအနေဖြင့် လက်နက်ချ အလင်းဝင်ကြရန် ယနေ့ (နိုဝင်ဘာ ၁၉) က တိုက်တွန်းခဲ့သည်။

⦁    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကိုင်းကျေးရွာရှိ စခန်းစီးနင်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ကျေးရွာအချို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

⦁    ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ ဗါရ်းစစ်စခန်းကို ချင်းအမျိုးသားတပ်ဖွဲ့ CNDF က မီးရှိူ့ဖျက်ဆီးလိုက်ကြောင်း CNDF ၏ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

⦁    ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ စခန်းသစ် လုံခြုံ ရေးကုန်းကို TNLA တိုက်ခိုက်သိမ်း ပိုက်ရမိပြီး နောက် အကြမ်းဖက် စစ်တပ်ဘက်က ဓာတုအဆိပ်ငွေ့ဗုံးများနှင့် စတင်အသုံးပြုတိုက် ခိုက်နေ ကြောင်း တအာင်းတပ်မတော် PSLF/TNLAက  ထုတ်ပြန်သည်။

⦁    ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ရှိ တရုတ်နိုင်ငံသားများ အနေဖြင့် အသက်  အန္တရာယ် လုံခြုံရေးအတွက် မိမိနိုင်ငံသို့ အမြန်ဆုံးပြန်ကြရန် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) က ယမန်နေ့ နိုဝင်ဘာလ ၁၈ ရက်တွင် ထုတ်ပြန်သည်။

⦁    ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဌာနချုပ်ဗိုလ်သင်တန်း‌ ကျောင်း ၌ လွန်ခဲ့သည့် (၉)နှစ်က စစ်ကောင်စီ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ကျဆုံးခဲ့သော ရက္ခိုင့် တပ်တော် မှ ဗိုလ်လောင်းရှစ်ဦးအပါအဝင်ဗိုလ်လောင်း ၂၃ဦးဖြစ်ရပ်ကို မည်သည့်အခါမှ မေ့‌ပျောက်မည် မဟုတ်ဟု ရက္ခိုင့်တပ်တော်(AA) က ယနေ့ထုတ်ပြန်သည်။

⦁    ရှမ်း - ကယားပြည်နယ်အစပ် မိုးဗြဲမြို့ရှိ စစ်ကောင်စီ၏စခန်းကုန်း သိမ်းပိုက်ရာတွင် ရဲဘော်သုံးဦး ကျဆုံးခဲ့ရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း ၁၁ က ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီ

⦁    စစ်ကောင်စီလက်အောက်ရှိ နိုင်ငံတော်ပိုင်ဘဏ်ဖြစ်သော မြန်မာ့စီးပွားရေးဘဏ်များ အကြောင်း တစ်စုံတရာ ကြောင့် ယာယီပိတ်သိမ်းခံရပါက အပ်နှံငွေများမဆုံးရှုံးစေရန် စီစဉ်ဆောင်ရွက်ထား ရှိကြောင်း နိုဝင်ဘာ ၁၇ ရက်နေ့တွင် စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

⦁    ဘဏ်လုပ်ငန်းများအပေါ် ယုံကြည်မှုများလျော့လာပြီး မလိုအပ်ဘဲ ငွေများထုတ်ယူကြမည်ဆိုပါက ငွေကြေးဖောင်းပွမှုများဖြစ်ပေါ်လာမည်ဖြစ်ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်း ထွန်းက ပြောသည်။

⦁    မြန်မာ့စီးပွားရေးဘဏ် တစ်ခု ဘဏ်ဝန်ဆောင်မှုများ ယာယီရပ်ဆိုင်သွားလည်း အခြားဘဏ်ခွဲများ ကနေ ဝန်ဆောင်မှုပေးနေတယ်လို့ မြန်မာ့စီးပွားရေးဘဏ်က ထုတ်ပြန်ထားသည်။

⦁    ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဥတ္တရာရုံကျောင်းတိုက်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ကိုရင် ၂ ပါး ပျံလွန်တော်မူကြောင်း ကူညီကယ် ဆယ်ရေး လုပ်ဆောင်သူများထံမှ သိရှိရသည်။

⦁    ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် PDF များရောက်ရှိနေသည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်များကို ဧည့်စာရင်းစစ်ကာ အကြောင်းအမျိုးမျိုးပြပြီး ငွေညှစ်နေကြောင်း ပုသိမ်မြို့ခံများက မဇ္ဈိမ သို့ ပြောသည်။

⦁    တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များရှိ တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၌ စစ်သင်တန်း တက်ရောက်ဖူးသည့်  ကျောင်းသား၊ ကျောင်းသူများ၏ အချက်အလက်များပေးပို့ရန် အကြောင်း ကြားတယ်ဆိုသည့် ထုတ်ပြန်ချက်တစ်စောင် အတုသာဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာန၏ ပြောဆိုချက်ကို ကိုးကား၍ Sky Net One News သတင်းတွင် ဖော်ပြထား သည်။

နိုဝင်ဘာ ၁၉ သုံးသပ်ချက်

⦁    စစ်ကောင်စီတပ်စခန်းနှင့်မြို့များ အသိမ်းခံလာရမှုအပါအဝင် ရခိုင်ပြည်နယ်အတွင်း ဘဏ်များမှ ငွေများ သိမ်းဆည်းရွှေ့ပြောင်းမှုများကြောင့် တခြားမြို့များမှ ပြည်သူများသည်လည်း စိုးရိမ်စိတ်များ ဖြစ်လာပြီး ငွေပြန်ထုတ်မှုများလာသည်။ယင်းကြောင့် စစ်ကောင်စီမှ ငွေမထုတ်ကြရန်နှင့် ငွေအလုံ အလောက်ရှိ ကြောင်း အသဲအသန်ထုတ်ပြန်နေသော်လည်း လူထုက အလိမ်အညာပြည့်နေသည့် စစ်ကောင်စီ စကားကို အများစုက ယုံကြည်ရန်ခက်နေသည်။

⦁    စစ်ကောင်စီက အသိမ်းခံရသည့် နယ်မြေများ ပြန်ထိန်းနေကြောင်း ခဏခဏထုတ်ပြန်ပြောဆိုနေ သော်လည်း တော်လှန်ရေးအဖွဲ့များမှ တစခန်းပြီး တစခန်းသိမ်းယူနေသည်ကို ရုပ်သံဓာတ်ပုံများဖြင့် နေ့စဉ်ထုတ်ပြန်နေ၍ စစ်ကောင်စီ၏ အလိမ်အညာ ဝါဒဖြန့်မှုများကို ပြည်သူများ လက်တွေ့ တွေ့မြင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required