ပဲခူးတိုင်း ၊ ရေတာရှည်မြို့နယ်၊ ပိတောက်ကုန်းကျေးရွာအနီးတွင် နိုဝင်ဘာ ၁၇ ရက်ကဖြစ်ပွားသည့် တိုက်ပွဲ၌ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း အမှတ် (၈၄) မှ ဗိုလ်ကြီး လှမျိုးသူအပါအဝင် စစ်ကောင်စီတပ်သား အများအပြားသေဆုံးသည်ဟု အမျိုးသားညီညွတ်ရေးအစိုး၊ရ ကာကွယ်ရေးဝန်ကြီးဌာန ၊တောင်ပိုင်းတိုင်းစစ်ဒေသခွဲ၏ ပြန်ကြားရေး စောဒိုရှင်းက မဇ္ဈိမကိုပြောသည်။
ယနေ့ နိုဝင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် NUG-MOD ကလည်း အဆိုပါ တိုက်ပွဲတွင်း စစ်ကောင်စီတပ်သား ဦးရေ ၄၀ ကျော်သေဆုံးသည်ဟု ထုတ်ပြန်ထားသည်။
"ခလရ ၈၄ ဗက လှမျိုးသူပါ။ တပ်တွင်းသတင်းရင်းမြစ်ကသိရပါတယ်။ နောက်တချက်ကတော့ တိုက်ပွဲဖြစ်ပွားပြီး ညတွင်းချင်းမှာပဲ သူတို့ ပြန်လည်မဆုတ်ခွာခင်မှာ ပြန်သယ်စရာမလိုသော သာမာန်ရဲဘော်အလောင်းတွေနဲ့ ပျူစောထီး ၁၂ လောင်းကို ဖြစ်ပွားရာမြစ်ဘေးတလျောက်မှာ မြုပ်သွားတယ်လို့ ကျွန်တော်တို့သိရတယ်" ဟု တောင်ပိုင်းတိုင်းစစ်ဒေသခွဲ၏ ပြန်ကြားရေး စောဒိုရှင်းက မဇ္ဈိမကိုပြောသည်။
ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်သားများအား သုံးဘီးဆိုင်ကယ်ဖြင့် သုံးခေါက်၊ စစ်လှေဖြင့် စစ်တောင်းမြစ်အားဖြစ်ကူးသည့် အကြိမ်ရေ ကိုးခေါက်ဖြင့် ပြန်လည်သယ်ဆောင်သွားသည်ကိုလည်း သတင်းအတိအကျရရှိကြောင်းနှင့် သေဆုံးစစ်ကောင်စီတပ်သားဦးရေမှာ ၄၀ ကျော်အထက်ရှိနိုင်သည်ဟု အတည်ပြုကြောင်း စောဒိုရှင်းက ပြောသည်။
ရေတာရှည်မြို့နယ် ပိတောက်ကုန်းကျေးရွာအနီးတွင် နိုဝင်ဘာ ၁၇ ရက်နေ့က ကျေးရွာအတွင်းတပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပုဝါနီစစ်ကြောင်း၊ ကီကူးစစ်ကြောင်း၊ နေပြည်တော် ရိုးမစစ်ကြောင်း၊ PDF တပ်ရင်း (၃၅၀၁) မှ တပ်ခွဲ (၃) နှင့် (၄)၊ သံတောင်မြောက်ပိုင်း အထူးဒေသစစ်ကြောင်းတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် နိုဝင်ဘာ ၁၄ ရက်နေ့က ရေတာရှည်မြို့နယ် စစ်တောင်းမြစ်ဝှမ်းအရှေ့ခြမ်းတွင်စစ်ကြောင်းထိုးနေစဉ် ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်ခြင်းကို ခံရပြီးနောက် ပြည်သူပိုင်နေအိမ်အချို့အား မီးရှို့ဖျက်ဆီးကာ ပိတောက်ကုန်းကျေးရွာအတွင်း ဝင်ရောက်တပ်စွဲနေခြင်းဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်၏ ပြောဆိုချက်အရသိရှိရသည်။
နိုဝင်ဘာ ၁၇ ရက်နေ့က တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေများစွာပြုလုပ်ခဲ့ကြောင်းလည်း အဆိုပါ သတင်းရင်းမြစ်ထံက သိရသည်။
တိုက်ပွဲတွင်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ တပ်ဖွဲ့ဝင် သုံးဦးလည်း ကျဆုံးခဲ့ကြောင်း သိရသည်။
စာတည်း ။ ။အောင်ကျော်ဖြိုး
#Mizzima
#ရေတာရှည်
#NUG