လောက်ကိုင်ရှိ တရုတ်နိုင်ငံသားများ နေရပ်ပြန်ကြရန် MNDAA အသိပေး

By ရွှေနွယ် (မဇ္ဈိမ)
19 November 2023
လောက်ကိုင်ရှိ တရုတ်နိုင်ငံသားများ နေရပ်ပြန်ကြရန် MNDAA အသိပေး
ပုံအညွှန်း−နိုဝင်ဘာ ၁၈ ရက်နေ့က လောက်ကိုင်မြို့အတွင်း ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူအချို့အား ဖမ်းဆီးသည့်မြင်ကွင်း။

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ရှိ တရုတ်နိုင်ငံသားများ အနေဖြင့် အသက်အန္တရာယ်လုံခြုံရေးအတွက် မိမိနိုင်ငံသို့ အမြန်ဆုံးပြန်ကြရန် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ယမန်နေ့ နိုဝင်ဘာလ ၁၈ ရက်တွင် ထုတ်ပြန်သည်။

"ကျွန်တော်တို့က စစ်ဆင်ရေးမဖော်ဆောင်မီ အသိပေးတဲ့ပုံစံနဲ့ ထုတ်ပြန်တာပါ။ (လောက်ကိုင်မြို့ထဲမှာ) တရုတ်နိုင်ငံသားတွေ ကျန်တော့ကျန်နေဦးမှာပါ။ အရေအတွက်တော့ အတိအကျမသိဘူး။ ဒါကအသိပေးတဲ့သဘောနဲ့ ထုတ်ပြန်လိုက်တာပါ" ဟု MNDAA ၏ပြောခွင့်ရသူ လီကျားဝင်းက မဇ္ဈိမကိုပြောသည်။

လောက်ကိုင်မြို့အတွင်းနေထိုင်ကြသည့် အရပ်သားများအနေဖြင့်လည်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးဌာန၊ တပ်စခန်းများနှင့် တတ်နိုင်သမျှ ဝေးဝေးနေထိုင်ကြရန်နှင့် မြို့နှင့်အနီးတဝိုက်နေရာအားလုံးသည် စစ်မြေပြင်များ ဖြစ်သည့်အတွက်ကြောင့် စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုမှ ကာကွယ်ရန် အရပ်သားများအနေဖြင့် မိမိသဘောဖြင့် နေရာရွှေ့ပြောင်းခြင်း မလုပ်ကြရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လောက်ကိုင်မြို့အတွင်း လက်ရှိ ရှိနေသည့် တရုတ်နိုင်ငံသား အရေအတွက်နှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

MNDAA မှ ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်နေ့က လောက်ကိုင်မြို့ကို ဝန်းရံထားနိုင်သည့်အခြေအနေတွင်ရှိနေပြီး မြို့အား ဝင်ရောက်တိုက်ခိုက်တော့မည်ဖြစ်သောကြောင့် တပ်ဖွဲ့ဝင်များလိုက်နာရန်စည်းကမ်းချက်များကို ထုတ်ပြန်ခဲ့သေးသည်။

အဆိုပါ ထုတ်ပြန်ချက်အတွင်းတွင် ကျားဖြန့်ကုမ္ပဏီ၏ နောက်ခံအင်အားများကို ပြင်းပြင်းထန်ထန် ချေမှုန်းရန်နှင့် လုပ်ငန်းရှင်များကို သက်ဆိုင်ရာဌာနသို့ အပ်နှင်းရန်ဟုလည်းဖော်ပြထားသည်။

ထို့ပြင်လောက်ကိုင်မြို့တွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများလည်း အများအပြားရှိနေသေးသည်ဟု ဒေသခံထံမှသိရသည်။

လောက်ကိုင်မြို့၌ လုပ်ငန်းများ ရပ်ဆိုင်းသွားသောကြောင့် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် နေရပ်ပြန်ကြရန် ကြိုးပမ်းခဲ့ကြသော်လည်း ချင်းရွှေဟော်နှင့် ပါစင်ကျော်ကျေးရွာကြားတွင် တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ဖြတ်သန်းသွားလာခွင့် ကန့်သတ်ခြင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် လောက်ကိုင်မြို့သို့သာ လှည့်ပြန်ခဲ့ကြရသည့် အခြေအနေများနှင့် ကြုံတွေ့နေကြရသည်ဟု သိရသည်။

စာတည်း ။        ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#Mizzima
#ရှမ်းပြည်နယ်
#လောက်ကိုင်မြို့
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly