ဖလမ်းမြို့နယ် ဗါရ်း စစ်ကောင်စီတပ်စခန်းကို CNDF မီးရှို့ဖျက်ဆီး

By ပါခွီး (မဇ္ဈိမ)
19 November 2023
ဖလမ်းမြို့နယ် ဗါရ်း စစ်ကောင်စီတပ်စခန်းကို CNDF မီးရှို့ဖျက်ဆီး

ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ် ဗါရ်း စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးလိုက်သည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တာဝန်ရှိသူက ပြောသည်။

“ဗားစခန်းကို မီးရှို့တာ၊ အရင်တုန်းကဆို သူတို့ပဲ သူများအိမ်တွေကို မီးရှို့တာ။ အခု ငါတို့က သူတို့စခန်းကို မီးရှို့လိုက်ပြီ” ဟု CNDF ရဲဘော်တဦးက မီးရှို့နေစဥ် ရိုက်ကူးထားသည့် ရုပ်သံတွင် ချင်းဘာသာဖြင့် ပြောဆိုခဲ့သည်။

ဖလမ်းမြို့နယ်တွင် တော်လှန်ရေးတပ်သားများက စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့ပြီးနောက် ဖလမ်းမြို့နယ် ၊ ကလေး - ဖလမ်း ကားလမ်းမပေါ်ရှိ ဗါရ်းတပ်စခန်းမှ စစ်ကောင်စီတပ်သားများက နိုဝင်ဘာလ ၁၅ရက်နေ့တွင် ထွက်ခွါသွားပြီးနောက်ရက် နိုဝင်ဘာလ ၁၆ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ဖလမ်းမြို့နယ်ထဲမှာ စခန်းနှစ်ခုပဲ ကျန်တော့တယ်။ အဲဒီစခန်းတွေကိုလည်း သိမ်းပိုက်နိုင်ရေး ဖော်ဆောင်သွားမှာပါ” ဟု CNDF တာဝန်ရှိသူက မဇ္စျိမ ကိုပြောသည်။

ဖလမ်းမြို့နယ်တွင် ထင်းရူးစခန်းနှင့် မြို့ပေါ်ရှိတပ်ရင်းသာ ကျန်တော့ပြီး ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

အင်အား ၃၀ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် စခန်းကိုစွန့်ခွာကာ ဖလမ်းမြို့ ပေါ်ရှိ ခလရ (၂၆၈) တပ်သို့ သွားရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၃ရက်နေ့က ဖလမ်းမြို့နယ် ရိဒ်ခေါဒါရ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကို ချင်းအမျိုးသားတပ်မတော် (CNA) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

၎င်းနောက် နိုဝင်ဘာလ ၁၄ရက် ညတွင် ဖလမ်းမြို့နယ် သီးဘွာလ်တပ်စခန်းကို CNDFက တိုက်ခိုက်ခဲ့သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာသိမ်းဆည်းရမိကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အိန္ဒိယနိုင်ငံအတွင်း ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၀ရက်နေ့ကလည်း ဗါးရ်တပ်စခန်းကို CNDF က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁၁ဦးသေဆုံးပြီး ၁၄ဦး အရှင် လက်ရဖမ်းဆီးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#Mizzima

#ချင်းပြည်နယ်

#ဖလမ်းမြို့နယ်

#ဗါးရ်စစ်ကောင်စီတပ်စခန်း

ရုပ်သံအညွှန်း-ဗါးရ်စစ်ကောင်စီစခန်းမီးရှို့ဖျက်ဆီးစဥ်။(ရုပ်သံ -CNDF)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly