ပုသိမ်တွင် PDF များ ရောက်ရှိနေသည်ဟုအကြောင်းပြကာ စစ်ကောင်စီတပ်က ဖမ်းဆီးငွေညှစ်

By အောင်သူ (MMTI)
19 November 2023
ပုသိမ်တွင် PDF များ ရောက်ရှိနေသည်ဟုအကြောင်းပြကာ စစ်ကောင်စီတပ်က ဖမ်းဆီးငွေညှစ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင်  PDF များရောက်ရှိနေသည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်များကို ဧည့်စာရင်းစစ်ကာ အကြောင်းအမျိုးမျိုးပြပြီး ငွေညှစ်နေကြောင်း ပုသိမ်မြို့ခံများက မဇ္ဈိမ သို့ ပြောသည်။

ယင်းသို့ ဧည့်စာရင်းစစ်တွင် နိုဝင်ဘာလပထမပတ်မှစပြီး  ပုသိမ်မြို့အတွင်းသို့ PDF တပ်ရင်း နှစ်ရင်းစာ၊ လူအယောက် ၆၀ ခန့် ပြန်လည်ရောက်ရှိနေဟု ပြောဆိုကြောင်လည်း ဒေသခံများက ဆိုသည်။

“PDF တွေရောက်နေတယ်ဆိုပြီး စစ်ကောင်စီတပ်သားတွေ ကားတစီးကို အင်အား ၁၀ ယောက်‌လောက် နဲ့ မြို့ထဲမှာ ကင်းတွေပတ်နေတယ်။ သူတို့က ည ၁၂ နာရီကနေ မနက် ၄ နာရီအတွင်း အပြင်ထွက်တဲ့သူ တွေဖမ်းမယ်လို့ ပြောတယ်၊ ဒါပေမဲ့ ည ၉ နာရီ၊ ၁၀ နာရီလောက်ထွက်တဲ့သူတွေကိုပါ ဖမ်းနေတယ်” ဟု ပုသိမ်မြို့ခံတဦးက မဇ္ဈိမကိုပြောသည်။

ဖမ်းဆီးခံရသူများအနက် အချို့မှာ မိသားစုများနှင့် အဆက်အသွယ်မရသည့်အခြေအနေနှင့် ကြုံတွေ့နေ ရကြောင်းလည်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆယ်အိမ်မှူး၊ ရာအိမ်မှူးများကို တအိမ်တက်တအိမ်ဆင်း ဧည့်စာရင်းစစ် ခိုင်းပြီး လူပိုများရှိနေပါက ဒဏ်ငွေပေးဆောင်ခိုင်းခြင်း၊ ဖမ်းဆီးခြင်းများ လုပ်ဆောင်လျှက်ရှိကြောင်း ပုသိမ်မြို့ခံများက ဆိုသည်။ အချို့နေရာများတွင် ဧည့်စာရင်းစစ်ရာ၌ အထောက်အထား အခိုင်အလုံသော် လည်း အကြောင်းအမျိုးမျိုးပြကာ ငွေညှစ်နေကြောင်း သိရသည်။

“ဒါတွေဟာ တမင်သက်သက် အကြောင်းပြချက်ပဲလို့ထင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဧရာဝတီမှာ ရေခံမြေခံအနေအထားက အရမ်းကိုခက်ခဲတယ်။ ဒီအချိန်မှာ PDF တပ်ရင်း နှစ်ရင်းလောက် ဝင်ဖို့မပြောနဲ့။ တပ်ခွဲတခုတောင် ဝင်ဖို့ခက်ခဲတဲ့ အချိန်ဖြစ်နေတဲ့ကာလမှာ"ဟု ပုသိမ်မြို့ပြ ပြောက်ကျား တပ်ဖွဲ၏ တာဝန်ရှိသူတဦးက မဇ္ဈိမသို့ ပြောသည်။

စာတည်း။  ။စောဖေ
#ဧရာဝတီတိုင်း
#ပုသိမ်မြို့
#ဧည့်စာရင်းစစ်
#ဖမ်းဆီးငွေညှစ်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly