နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၈ နိုဝင်ဘာ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၈ နိုဝင်ဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ

မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ ရေးဆွဲရေးကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေ(မူကြမ်း) ကို မကွေးလွှတ်တော်က အတည်ပြုပြဌာန်းလိုက်ကြောင်း ထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှော င်နေရသည့် ပြည်သူများနှင့် ကျဆုံး/ ထိခိုက်ဒဏ်ရာရသူတွေကို လူသားချင်းစာနာမှု အကူအညီများ ပံ့ပိုးပေးလျက်ရှိရာ  နိုဝင်ဘာလ ၁၆ ရက်နေ့အထိ လူသားစာနာအကူအညီထောက်ပံ့မှုအဖြစ် စုစုပေါင်း ငွေကျပ် (၃၀,၉၅၀,၀၀ဝိ/-) ကိုလူသားစာနာဝန်ကြီးဌာနက ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ကောလင်းခရိုင်၊ မြို့နယ်အတွင်းက (Civil Disobedience Movement)မှာ ပါဝင်ခဲ့သည့် ဝန်ထမ်း များ အနေဖြင့် ကောလင်းမြို့ကို သိမ်းပိုက်ပြီးနောက် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ က ဆောင် ရွက် နေသည့် အုပ်ချုပ်ရေး လုပ်ငန်းစဉ်များ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများတွင် တာဝန်ထမ်း ဆောင်နိုင် ရန်အတွက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များဆီကို ဆက်သွယ် သတင်းပေးပို့ရန် အသိပေး ဖိတ်ခေါ် နေသည်။

တိုက်ပွဲဖြစ်ပွါးနေခြင်းမရှိဘဲ ချင်းပြည်နယ်တောင်ပိုင်း မတူပီခရိုင်၊ မတူပီမြို့နယ် ဝေလူးကျေးရွာ အလယ် ကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်နှစ်စီးအသုံးပြုကာ တစ်စီးက Cluster Bomb လို ဆင့်ပွား ပြန်လည်ပေါက်ကွဲတဲ့ဗုံးနှင့် ဗုံးကြဲချပြီး ကျန်လေယာဉ် (၁) စင်းက စက်သေနတ်နဲ့ ပစ်ခတ်ခဲ့ ကြောင်း NUG က ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊အမှတ် (၁) စစ်ဒေသ က စစ်ကိုင်းတိုင်းတနေရာမှာ ပြုလုပ်သည့် ဗျူဟာအဆင့် စုဖွဲ့လေ့ကျင်မှု သင်တန်း သတင်းမှတ်တမ်းကို ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၏ နွေဦးဘဏ် အစုရှယ်ယာများကို ၆ နာရီအတွင်းမှာပဲ အမေရိကန်ဒေါ်လာ ၃ သန်းအထိ ရောင်းချခဲ့ရကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က အသိပေးပြောဆိုသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

ပဲခူးတိုင်း ၊ ပဲခူးခရိုင် ၊ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ စစ်ကောင်စီ၏ ခြေမြန်တပ် ရင်း (၅၅၉) မှ တပ်သား ချစ်မင်းကိုသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့က ဆက်သွယ် အလင်း ဝင်လာကြောင်း ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ နိုဝင်ဘာ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ၊ ပိတောက်ကုန်းကျေးရွာတွင် ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက် နံနက် ၇ နာရီအချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဘက်က လေကြောင်းပစ်ကူဖြင့် တိုက်ခိုက်ခဲ့ကြောင်း သံတောင်မြောက်ပိုင်း အထူးဒေသတပ်ဖွဲ့ထံမှ သိရသည်။

ပဲခူးတိုင်း၊ တောင်ငူမြို့၏ အရှေ့ဘက် ဆိတ်ဖူးတောင်ကျေးရွာအုပ်စု ၊ လေးမိုင်ကျေးရွာရှိ စစ်ကောင်စီ ၏ ခြေလျင်တပ်ရင်း (၃၉) သို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ နိုဝင်ဘာ ၁၇ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှ စတင်၍ သွားရောက်တိုက်ခိုက်ရာ ယနေ့ နံနက်ထိ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် တောင်ဘက်၊ ကျားချောင်းရွာအနီးရှိ စစ်ကောင်စီ၏ တောင်ခြေရင်း စခန်းတခုအား ပူးပေါင်းအဖွဲ့က သွားရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ကျားချောင်း ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်း မြစ်များထံက သိရသည်။

မန္တလေးတိုင်း ၊ သပိတ်ကျင်းမြို့နယ်တွင် နာရေးကားဖြင့် လက်နက်ပို့သည့် ပျူစောထီးအဖွဲ့ကို တိုက်ခိုက်ရာ ပျူစောထီး သုံးဦးသေဆုံးပြီး ကားပေါ်ပါ လက်နက်များရရှိခဲ့ကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့-ကြာညှပ် က ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက် ညပိုင်းက သတင်းထုတ်ပြန်သည်။

မန္တလေးမြို့ပြ စစ်ဆင်ရေးတစ်ခုဖြစ်သည့် “ရွှေပြည်စိုး စစ် ဆင်ရေး”ကို ထောက်ခံကြိုဆိုသည်ဟု မန္တလေး မြို့နေ ပြည်သူများက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ရွှေပြည်စိုးစစ်ဆင်ရေးအဖွဲ့ထံမှ သိရသည်။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းမကြီး၏ လမ်းပိုင်းကို နှစ်ဖက်လက်နက်ကိုင်အဖွဲ့များက တိုက်ပွဲများကြောင့် သွားလာခွင့် ယာယီ ပိတ်ထားကြောင်း ခရီးသည်တင် မော်တော်ယာဥ်လိုင်း တာဝန်ရှိသူများထံက သိရသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် စစ်သားများ တပ်စွဲထားသော နေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း BLACK WOLF - ARMY အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ(CRTH) က အ တည် ပြုလိုက်သည့် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးအတွက် ကြို တင်ပြင်ဆင်ရေး ဥပဒေမူကြမ်း အပေါ် မြိတ်နှင့် ထားဝယ်ရှိ နိုင်ငံရေးအင်အားစုများက ကန့်ကွက်လိုက်ကြသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဆောင်ရွက်နေသည့် ၁၀၂၇ စစ်ဆင်ရေး ကြီး၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် ကွမ်းလုံမြို့အား အပြီးသတ် သိမ်းယူခဲ့သည့် စစ်ဆင်ရေးမှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)မြောက်ပိုင်းစစ်ဒေသ အခြေစိုက်အမှတ် (၆၀၆) တပ်ရင်းမှလည်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း KNDF က အသိပေးထုတ်ပြန်သည်။ အကြမ်းဖက်စစ်ကောင်စီက တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်ကို မြေပြင်မှာ မတွန်းလှန်နိုင် တာကြောင့် အရပ်သားပြည်သူများကို လူသားဒိုင်းများပြုလုပ်ပြီး နိုင်ငံတကာစစ်ဥပဒေကို ချိုးဖောက်ကာ စစ်ရာဇဝတ်မှုများ နေ့စဉ်ရက်ဆက်ကျူးလွန်နေကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်သည်။

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့တွင် ထိတွေ့တိုက်ပွဲများ ဆက်ရှိနေတာကြောင့် ဒေသခံများအနေ ဖြင့် မြို့ကနေ စွန့်ခွာပေးရန် KNDF စစ်ရေးချုပ်က တိုက်တွန်းပြောဆို လိုက်ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့​၏ စစ်ဆင်ရေး ၁၀၂၇ အရှိန် အဟုန် မြင့်တက်နေသည့် အချိန်ကိုက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရ ပဒိုစောတောနီးကလည်း ၎င်းတို့အနေဖြင့် စစ်ရေးအရှိန် မြှင့်တင်တော့မည်ဖြစ်ကြောင်း ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက်နေ့က တရားဝင် ထုတ်ပြန်ပြောဆိုလိုက်သည်။

ကရင်နီပြည်နယ်မှ စစ်ဘေးရှောင်လာသည့် လူမျိုးပေါင်းစုံပြည်သူများအနေဖြင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အခြေပြုဒေသများတွင် လာရောက်ခိုလှုံနိုင်ကြောင်းနှင့် တတ် အား သရွေ့ကူညီသွားမည်ဖြစ်ကြောင်း PNLO က ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် ထုတ်ပြန်သည်။

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ် ၊ မိုးဗြဲမြို့ရှိ စစ်ကောင်စီတပ်၏ ပင်မ စစ်ရေးအချက်အခြာ နေရာတခုဖြစ်သည့် စက်တော်ရာတောင်ကုန်းနှင့် စစ်စခန်းရှစ်ခုကို ၁၁၁၁ စစ်ဆင်ရေးကာလ ငါးရက်အတွင်း သိမ်းပိုက်ရရှိထားကြောင်း မိုးဗြဲ ၁၁၁၁ စစ်ဆင်ရေးမဟာမိတ်အင်အားစုများက နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ခရိုင်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်း ၄ ခုကို ကိုးကန့် MNDAA က ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပြီး တပ်စခန်း ၁၅၂ ခုထိ သိမ်းပိုက်ရရှိထားကြောင်း MNDAA ၏ ပြန်ကြားရေးဖြစ်သော The Kokang က ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးသည် နိုင်ငံလုံးအဆင့် စစ်ဆင်ရေး၏ ပထမအဆင့် အဖြစ် ပြောင်းလဲသွားပြီဖြစ်ကြောင်းမြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က ကြေညာသည်။

စစ်ကောင်စီ

ကုလအထွေထွေညီလာခံ တတိယ ကော်မတီအစည်းအဝေးက ဆုံးဖြတ်ချက် အဆိုများကို ကန့်ကွက်ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

ငွေရေးကြေးရေးနှင့် ပတ်သက်ပြီး အာမခံပြီး ပြည်သူများ စိတ်ပူစရာမလိုကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ကယားပြည်နယ်ကို လက်နက်များ ပို့ဆောင်ပေးနေသည်ဟုဆိုပြီး ပင်လုံမြို့နယ်၊ လွယ်တပ် ကျေးရွာက New Power စက်သုံးဆီ အရောင်းဆိုင်ပိုင်ရှင်ကို လျှို့ဝှက်သတင်းပေးမှုအရ နိုဝင်ဘာ(၁၆)ရက် ညပိုင်းက ဖမ်းမိခဲ့ကြောင်း စစ်ကောင်စီ ကသတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့်(တောင်ပိုင်း)တို့တွင် အခုလဆန်းပိုင်းက အွန်လိုင်းအွန်လိုင်း လိမ်လည်မှု နှင့် အွန်လိုင်းလောင်းကစားများပြုလုပ်ရန် တရားမဝင်ရောက်ရှိနေသူ ၂၈၆ယောက်ကို ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပသည့် မလေးရှားနိုင်ငံ သမားတော်များကောလိပ်၏ နှစ်ပတ် လည်ညီလာခံနှင့် ဆက်စပ်ကျင်းပသော အာဆီယံဆေးကုသမှုပညာရပ်ဆိုင်ရာ အဖွဲ့အစည်း၏ အစည်း အဝေးသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီ သတင်း များတွင် ဖော်ပြထားသည်။

နိုဝင်ဘာ ၁၈ သုံးသပ်ချက်

KNU က စစ်ရေးအရှိန်မြင့်တော့မည်ဟု ကြေညာပြီးနောက် ပဲခူးတိုင်းအတွင်းနေရာအနှံ့တိုက်ပွဲများ ဖြစ်ပေါ်လာပြီး စစ်ကောင်စီတပ်များမှ လေယာဉ် ရဟတ်ယာဉ်များနှင့်ပါ ပြင်းပြင်းထန်ထန် တုံ့ပြန် တိုက်ခိုက်နေသည်ကိုတွေ့ရသည်။

၁၀၂၇ စစ်ဆင်ရေးသည် နိုင်ငံလုံးအဆင့် စစ်ဆင်ရေး၏ ပထမအဆင့် အဖြစ် ပြောင်းလဲသွားပြီးဟု ကြေညာလိုက်ခြင်းကြောင့် နိုင်ငံအနှံ့တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ဖွယ်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required