စစ်ရေးအရှိန်မြှင့်တော့မည်ဟု ပဒိုစောတောနီးပြော

By YT (မဇ္ဈိမ)
18 November 2023
စစ်ရေးအရှိန်မြှင့်တော့မည်ဟု ပဒိုစောတောနီးပြော
ပုံအညွှန်း- ပဒိုစောတောနီး (KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ KNU ဗဟို ပြောခွင့်ရ၊ KNU နိုင်ငံခြားရေးဌာန တာဝန်ခံ)

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့​၏ စစ်ဆင်ရေး ၁၀၂၇ အရှိန်အဟုန် မြင့်တက်နေသည့် အချိန်ကိုက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရ ပဒိုစောတောနီးကလည်း ၎င်းတို့အနေဖြင့် စစ်ရေးအရှိန် မြှင့်တင်တော့မည်ဖြစ်ကြောင်း ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက်နေ့က တရားဝင် ထုတ်ပြန်ပြောဆိုလိုက်သည်။ 

" ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးစု တော်လှန်ရေး အဖွဲ့အစည်း အသီးသီးကနေ အစဉ်တစိုက် တိုက်ပွဲဝင်တောင်းဆိုလာခဲ့တဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ တိုက်ပွဲဝင်မှုတွေဟာ ဒီကနေ့ကာလမှာဆိုရင် အထူးသဖြင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကာလနောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ နွေဦးတော်လှန်ရေးနဲ့ ပေါင်းစပ်ပြီးတဲ့အခါမှာ အင်မတန်မှပဲ အရှိန်အဟုန်ပြင်းပြင်းနဲ့ စစ်ကောင်စီကို ရိုက်ခတ်နေတယ်ဆိုတာ နေ့စဉ်တွေ့နေရပြီး ဖြစ်ပါ တယ်၊ ဒီထက်ပိုပြီး လာမည့်မဝေးတော့တဲ့ အနာဂါတ်ကာလမှာ ပိုမိုပြင်းထန်လာတဲ့ လှိုင်းလုံးဂရက်ကြီးတွေနဲ့ ထပ်ခါထပ်ခါ ဒီအကြမ်းဖက် စစ်ကောင်စီကို ရိုက်ခတ်တော့မှာဖြစ်ပါတယ်" ဟု ပဒိုစောတောနီးက ပြောဆိုလိုက်ခြင်းဖြစ်သည်။ 

လက်ရှိတွင်လည်း KNU နယ်မြေများဖြစ်သည့် တပ်မဟာ (၃) နယ်မြေ (ညောင်လေးပင်ခရိုင်)၊ တပ်မဟာ (၅) နယ်မြေ (ဖာပွန်ခရိုင်)၊ တပ်မဟာ (၆) နယ်မြေ (ဒူးပလာယာခရိုင်) တို့တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။ 

စစ်ရေးတိုက်ပွဲသာမက စစ်မျက်နှာအသီးသီးတွင် နိုင်ငံရေးတိုက်ပွဲ၊ သံတမန်ရေးတိုက်ပွဲ၊ စီးပွားရေးပိတ်ဆို့မှုများ၊ ပြည်သူလူထုတရပ်လုံး ပါဝင်သည့် လူထုတိုက်ပွဲများကိုလည်း ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပဒိုစောတောနီးက ပြောသည်။ 

ထိုကဲ့သို့ တိုက်ပွဲတွေ ဖော်ဆောင်သွားမည်ဖြစ်သဖြင့် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီလက်အောက်မှ ထွက်ပြီး လူထုနှင့်အတူ လက်တွဲရန်၊အခက်အခဲရှိ၍ အတူလက်မတွဲနိုင်ပါကလည်း ရောက်ရာအရပ်တွင် နည်းလမ်းပေါင်းစုံဖြင့် စစ်ကောင်စီကို အပြုတ်တိုက်ရန် ပဒိုစောတောနီးက တောင်းဆိုထားသည်။ 

" အချိန်မနှောင်းခင်မှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တခုကို ဆုံးဖြတ်ချက်ချလိုက်ပြီးတဲ့နောက် ကျွန်တော်တို့နဲ့အတူ လက်တွဲပူးပေါင်းပြီး ဘက်ပြောင်းလာပါလို့ ကျွန်တော်တို့တောင်းဆိုချင်ပါတယ်။ အဲ့ဒါအပြင် အခက်အခဲအကျပ်အတည်း အမျိုးမျိုးကြောင့် ကျွန်တော်တို့နဲ့ ဘက်ပြောင်းလာပြီးတော့ လက်မတွဲနိုင်ဘူးဆိုရင်လည်း ရှိတဲ့နေရာမှာပဲ မဖြစ်ဖြစ်တဲ့ နည်းလမ်းပေါင်းစုံနဲ့ စစ်ကောင်စီကို အပြုတ်တိုက်ကြပါလို့ပဲ ကျွန်တော်ပန်ကြားလိုပါတယ်" ဟု ၎င်းက ပြောသည်။ 

ပဒိုစောတောနီး ထုတ်ပြန်ပြောဆိုသည့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင်ပင် KNU တပ်မဟာ (၆) ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် တာဝန်ရှိသူများကလည်း ကော့ကရိတ်မြို့နယ်အတွင်း​၏ စစ်ကောင်စီလက်အောက်ခံ စစ်ရေး၊ အုပ်ချုပ်ရေး ယန္တရားအသီးသီးရှိ ဝန်ထမ်းများအနေဖြင့် မြို့နယ်အတွင်းမှ တပတ်အတွင်း ထွက်ခွာသွားရန် နောက်ဆုံးအကြိမ်အဖြစ် သတိပေး ထုတ်ပြန်ထားသေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ပဒိုစောတောနီး
#စစ်ဆင်ရေး၁၀၂၇ 
#KNU

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly