ရေတာရှည်မြို့တိုက်ပွဲ စစ်ကောင်စီတပ် လေကြောင်းပစ်ခတ်

By ရွှေနွယ် (မဇ္ဈိမ)
18 November 2023
ရေတာရှည်မြို့တိုက်ပွဲ စစ်ကောင်စီတပ် လေကြောင်းပစ်ခတ်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ၊ ပိတောက်ကုန်းကျေးရွာတွင် ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက် နံနက် ၇ နာရီအချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဘက်က လေကြောင်းပစ်ကူဖြင့် တိုက်ခိုက်ခဲ့ကြောင်း သံတောင်မြောက်ပိုင်း အထူးဒေသတပ်ဖွဲ့ထံမှ သိရသည်။

"တိုက်ပွဲဖြစ်ပြီးတော့ Mi35နဲ့ လေကြောင်းကနေ အကြိမ်ပေါင်း ၃၀ကျော်လောက် ပစ်ခတ်သွားတယ်၊ ကင်းထောက်လေယာဉ်တွေ ပျံဝဲတာလည်းရှိတယ်"ဟု Northern Thandaung Defence Force တာဝန်ရှိသူ ကိုနွေဦးက မဇ္ဈိမကိုပြောသည်။

ပိတောက်ကုန်းကျေးရွာအတွင်း အင်အား ၈၀ ကျော်ဖြင့် အထိုင်ချနေသော စစ်ကောင်စီတပ်ဖွဲ့အား သံတောင်မြောက်ပိုင်း အထူးဒေသတပ်ဖွဲ့ Northern Thandaung Defence Force နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုသည် နံနက် ၉ နာရီ မိနစ် ၃၀ ခန့်မှစတင်ကာ နေ့လယ်ပိုင်းအထိ အဆက်မပြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံး များနိုင်သည်ဟု ခန့်မှန်းပြီး အရေအတွက်အတိအကျကိုမူ မသိရသေးကြောင်းနှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း တပ်ဖွဲ့ဝင် သုံးဦးကျဆုံးခဲ့ကြောင်း သိရသည်။

“မနေ့ညက သူတို့သယ်ထုတ်နေတာတွေနဲ့ သတင်းရရှိသလောက်ကတော့ သူတို့ လူဦးရေ ၃၀ ကျော်ပဲ ဒဏ်ရာတွေနဲ့ပြန်ရောက်လာတယ်ဆိုတော့ ၄၀ ဝန်းကျင် ထိခိုက်သေဆုံးရှိမယ်ထင်တယ်။ သူတို့အတိအကျသေဆုံးမှုကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု Northern Thandaung Defence Force တာဝန်ရှိသူ ကိုနွေဦးကပြောသည်။

ယနေ့ နိုဝင်ဘာလ ၁၈ ရက်‌တွင်မူ တိုက်ပွဲငြိမ်သက်လျက်ရှိသော်လည်း အနီးဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးပစ်ခတ်မှုများလုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

ယမန်နေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်းလည်း သိရသည်။

"မြို့တွေကို မဝင်နိုင်အောင် အမြဲအင်အားဖြည့်နေတဲ့ အနေအထားပေါ့။ ဘယ်လောက်သေဆုံးမှုဖြစ်နေပါစေ ဒီဘက်မှာ အင်အားထပ်ဖြည့်တင်းတယ်။ ဒီဘက်က ရေတာရှည်မြို့နဲ့ ရေနီတို့ဘာတို့က နေပြည်တော်နဲ့တအား ကပ်နေပြီ။ အဲ့တော့ ဒီဘက်တွေကို သူတို့က နေပြည်တော်ရဲ့ကာကင်းအနေနဲ့ အမြဲစစ်ကြောင်းထိုးတယ်။ အမြဲလှည့်နေတော့ အမြဲထိတွေ့မှုကတော့ဖြစ်နေပါတယ်" ဟု Northern Thandaung Defence Force တာဝန်ရှိသူ ကိုနွေဦးက မဇ္ဈိမကိုပြောသည်။

လက်ရှိ ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိသည့် ရေတာရှည်မြို့ စစ်တောင်းမြစ်ကမ်း အရှေ့ဘက်ဒေသများသည် စစ်ကောင်စီအခြေစိုက်ရာနေပြည်တော်နှင့် မိုင် ၃၀ နှင့် မိုင် ၄၀ ကြားသာ ကွာဝေးမှု ရှိသည်။

ရေတာရှည်မြို့နှင့် နေပြည်တော် ဧလာမြို့၊ လယ်ဝေးမြို့တို့သည် နယ်နိမိတ်ချင်း ထိစပ်နေခြင်းဖြစ်သည်။

ထို့ကြောင့် ရေတာရှည်မြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းခြင်း၊ စစ်ကြောင်းထိုးခြင်းများ ပြုလုပ်လေ့ရှိသည့်အတွက် ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

စာတည်း ။         ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။     ။ သန့်ဇော်(သန်လျင်)

#မြန်မာသတင်း
#ပဲခူးတိုင်း
#ရေတာရှည်မြို့နယ်
#လေကြောင်းပစ်ခတ်မှု

ရုပ်သံအညွှန်း − ယမန်နေ့ နိုဝင်ဘာ ၁၇ ရက်နေ့နံနက်ပိုင်းက ရေတာရှည်မြို့နယ်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုပြုလုပ်စဉ်။ရုပ်သံ − Yedashe Township Information.
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly