လွိုင်ကော်မြို့ခံများ မြို့မှစွန့်ခွာရန် KNDF စစ်ရေးချုပ် တိုက်တွန်း

By ဂျူချန်း (မဇ္ဈိမ)
18 November 2023
လွိုင်ကော်မြို့ခံများ မြို့မှစွန့်ခွာရန် KNDF စစ်ရေးချုပ် တိုက်တွန်း
ပုံအညွှန်း-လွိုင်ကော်ခရိုင် တရားရုံး မီးလောင်နေပုံ။

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့တွင် ထိတွေ့တိုက်ပွဲများ ဆက်ရှိနေသည့်အတွက် ဒေသခံများအနေဖြင့် မြို့မှစွန့်ခွာပေးရန် ကရင်နီကာကွယ်ရေးတပ် (KNDF)စစ်ရေးချုပ်က တိုက်တွန်းပြောဆိုသည်။

“ရှောင်ဖို့ အခြေအနေ၊ အခွင့်ရသေးရင် အမြန်ဆုံး ရှောင်လိုက်ကြပါ။ တသက်တာ ငြိမ်းချမ်းဖို့ ၊ လွတ်လပ်ဖို့ ၊ မျှတတဲ့ လူမှုအသိုက်အဝန်းသစ်ဖြစ်လာဖို့ ခေတ္တ စွန့်ခွာလိုက်ပါ။ အရင်းအနှီးကြီးတော့ ကျနော်တို့ ပြန်ရယူရမဲ့ အရာကလည်း တန်ဖိုးဖြတ် နိူင်လိမ့်မည်မဟုတ်”ဟု KNDF စစ်ရေးချုပ်က နောက်ဆုံးအကြိမ် အသိပေးခြင်းဆိုသည့်မှတ်ချက်ဖြင့် ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

လွိုင်ကော်မြို့တွင် ပြည်သူအချို့ ကျန်ရှိနေသေးပြီး လွိုင်ကော်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်နေသဖြင့် မြို့တွင်း ကျန်ရှိနေသည့် ပြည်သူများအနေဖြင့် အန္တရာယ်များသောကြောင့် တိမ်းရှောင်ကြရန် KNDF ဗဟို ပြန်ကြားရေးတာဝန်ခံကလည်း ပြောသည်။

“လွိုင်ကော်မှာ ပြည်သူအချို့တော့ ကျန်သေးပါတယ်။ တိုက်ပွဲကတော့ ပိုပြင်းထန်လာနေတယ်။ ရှောင်နေမယ်ဆိုရင်တော့ အကောင်းဆုံး ဖြစ်မယ်လို့ ယူဆတယ်။ မြို့တွင်းမှာ ကျန်နေရင်တော့ ဘေးကင်းဖို့က ရာခိုင်နှုန်းနည်းတယ်။ ဘာလို့ဆို စစ်ကောင်စီက တမြို့လုံးကို လေယာဉ်နဲ့ လိုက်ပတ်ကြဲနေတာ။ တိုက်လေယာဉ်နဲ့ ဗုံးကြဲတယ် ဒရုန်းတွေနဲ့ ဗုံးချတာမျိုးတွေ လုပ်နေပါတယ်” ဟု KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

လွိုင်ကော်ခရိုင်တရားရုံး မီးရှို့ခံရပြီးနောက် ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့အထိ တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်( KNDF )နှင့် ဒေသခံများထံမှ သိရသည်။

လွိုင်ကော်မြို့၊ နောင်ယားရပ်ကွက်ရှိ လွိုင်ကော်ခရိုင် တရားရုံးကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာလ ၁၇ ရက်နေ့တွင် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း KNDF စစ်ရေးချုပ် ခူးရီးဒူက မဇ္ဈိမကို နိုဝင်ဘာလ ၁၇ ရက် နံနက် ၁၁ နာရီတွင် ပြောသည်။

ယင်းတရားရုံးအတွင်းတွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားခြင်းဖြစ်ပြီး ကရင်နီပူးပေါင်းတပ်များက လာရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားပြီး နိုဝင်ဘာလ ၁၆ ရက်နေ့တွင် တရားရုံးကို စွန့်ခွာကြသဖြင့် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် တရားရုံးကို မီးရှို့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
 
“အရင်ရက်တွေကဆို တောက်လျှောက်ရှိတယ်၊ ထောင်တို့ ရဲစခန်းတို့ တရားရုံးတို့မှာ၊ မနေ့ည (နိုဝင်ဘာ ၁၆) က ကျနော်တို့ သွားချောင်းကြည့်တာ မရှိကြတော့ဘူး။ ကျနော်ထင်တယ် သူတို့ ထောင်ဘက်ကို သွားပြန်စုတာထင်တယ်၊ ၁၁ ရက်နေ့မတိုင်ခင် တရားရုံး၊ စုပေါင်းရုံး နဲ့ ရဲစခန်းတွေမှာ အဲ့ထဲမှာ အကုန်လုံး တပ်စွဲထားကြတာ” ဟု ဒီးမော့ဆို PDF မှ ရဲဘော်တဦးက မဇ္ဈိမကို ပြောသည်။

မီးရှို့ခံရသည့် လွိုင်ကော်ခရိုင် တရားရုံးသည် ကရင်နီပူးပေါင်းတပ်များ စီးနင်းသိမ်းပိုက်ထားသည့် လွိုင်ကော် တက္ကသိုလ်နှင့် မီတာ ၂၀၀ ခန့်သာ ကွာဝေးကြောင်း သိရသည်။

စာတည်း။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။      ။သန့်ဇော်(သန်လျင်)

#ကရင်နီပြည်နယ်
#လွိုင်ကော်မြို့
#တိုက်ပွဲဖြစ်ပွား

ပုံအညွှန်း-လေကြောင်းတိုက်ခိုက်မှုရှိနေ၍တိမ်းရှောင်နေကြသူများ(KHAI)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly