တောင်ငူတွင် တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်၊  စစ်တောင်းမြစ်ကူးတံတားကို ပိတ်ထား၍ ပြည်သူများ ပိတ်မိ

By ရွှေနွယ် (မဇ္ဈိမ)
18 November 2023
တောင်ငူတွင် တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်၊  စစ်တောင်းမြစ်ကူးတံတားကို ပိတ်ထား၍ ပြည်သူများ ပိတ်မိ

ပဲခူးတိုင်း၊  တောင်ငူမြို့၏ အရှေ့ဘက် ဆိတ်ဖူးတောင်ကျေးရွာအုပ်စု  ၊  လေးမိုင်ကျေးရွာရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (၃၉) သို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ နိုဝင်ဘာ ၁၇ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှ စတင်၍ သွားရောက်တိုက်ခိုက်ရာ ယနေ့ နံနက်ထိ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ စစ်ကောင်စီတပ်စခန်းတွင် စစ်ကောင်စီတပ်သား ၃၀ ခန့်နှင့် ပြည်သူ့စစ် ၃၀ ခန့်ရှိပြီး စစ်ကောင်စီတပ်သားများ၏ မိသားစုဝင်အချို့ရှိကြောင်း တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ခွဲမှူးတဦးထံက သိရသည်။

"တောင်ငူကနေ သံတောင်ကြီးဘက်ကိုထွက်တဲ့ ဘက်က ၄−မိုင်မှာ မနေ့ကနေ ဖြစ်နေတဲ့တိုက်ပွဲက ခုထိဆက်တိုက်ဖြစ်နေတယ်။ စစ်ကောင်စီဘက်ကလည်း တောင်ငူမြို့အထွက် စစ်တောင်းမြစ်ကူးတံတားကိုပိတ်ထားလိုက်ပြီ။ အခု ပြည်သူတွေထောင်နဲ့ချီပြီး ပိတ်မိနေတယ်။ အခုလက်ရှိထိလည်း Mi-35 တွေ၊ ရဟတ်ယာဉ်တွေနဲ့ တောက်လျှောက်ကိုဗုံးတွေကြဲနေတယ်" ဟု တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ခွဲမှူးတဦးက ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင်ပြောသည်။

ယမန်နေ့ ညနေပိုင်းနှင့် ညပိုင်းတွင် စစ်ကောင်စီတပ်က  လေးမိုင်ရွာနှင့် ငါးမိုင်ရွာ အနီးတဝိုက်သို့ လေကြောင်းတိုက်ခိုက်မှု ရှစ်ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင်လည်း လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ထားကြောင်း သိရသည်။

ထို့ပြင် တောင်ငူမြို့၏ အရှေ့ဘက်ရှိ စစ်တောင်းမြစ်ကူးတံတားကိုလည်း စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့်ပိတ်ထား၍  တံတား၏ အရှေ့ခြမ်းရှိ တိုက်ပွဲဖြစ်ပွားရာ ကျေးရွာတဝိုက်မှ ပြည်သူများ ပိတ်မိနေကြခြင်းဖြစ်ကြောင်း သိရသည်။

လေးမိုင်ကျေးရွာသည် တောင်ငူမြို့၏ အရှေ့ဘက် လေးမိုင်ခန့်အကွာတွင် တည်ရှိပြီး မြို့နှင့်ကပ်လျက်ရှိနေသည့် ကျေးရွာဖြစ်သည်။

"လေးမိုင်ဘုရားခြေရင်းဂိတ် ဘယ်သူမှပေးမဖြတ်တော့ပါ။ ဂိတ်ပိတ်ချထားပါတယ်” ဟု ဒေသခံတဦးက လည်းပြောသည်။

ထို့ပြင် တိုက်ခိုက်ခံနေရသည့် ခြေလျင်တပ်ရင်း (၃၉) နှင့်အတူ  ငါးမိုင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းမှလည်း လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

တိုက်ပွဲတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံး နှစ်ဦးရှိကြောင်း ကနဦးသတင်းရရှိပြီး ကျန်အသေးစိတ်အချက်အလက်များကို မဇ္ဈိမက  ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#တောင်ငူ
#စစ်တောင်းမြစ်ကူးတံတား
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly