ပူပြင်းခြောက်သွေ့သည့်ရာသီဥတုက မြန်မာနိုင်ငံခရီးသွားလာမှု လုပ်ငန်းအပေါ် သက်ရောက်မှုရှိလာနိုင်

ပူပြင်းခြောက်သွေ့သည့်ရာသီဥတုက မြန်မာနိုင်ငံခရီးသွားလာမှု လုပ်ငန်းအပေါ် သက်ရောက်မှုရှိလာနိုင်
ညောင်ဦးမြို့ ပုဂံရှေးဟောင်း ဘုရားသို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားဧည့်သည်များအား ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-မဇ္ဈိမ)

ရန်ကုန် ၊ဧပြီ ၂၆ ။           ။ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံအချို့တွင် ယခုနှစ် ခံစားရသောပူပြင်းခြောက်သွေ့သည့် ရာသီဥတုကြောင့် မြန်မာနိုင်ငံခရီးသွားလာမှုအပေါ် သက်ရောက်မှု ရှိလာနိုင်ကြောင်း သိရသည်။

ယခုနှစ် အယ်လ်နီညို ရာသီဥတုအပူရှိန်ကြောင့် ပုဂံယဉ်ကျေးမှု ဒေသအပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများသို့ လာရောက်လည်ပတ်သည့် ပြည်ပခရီးသွားများ လျော့နည်းပြီး ကမ်းခြေဒေသများ သို့ရီးသွားလာမှုမြင့်တက်လာကြောင်း ပြင်သစ်အခြေစိုက် အွန်လိုင်းဟိုတယ် အခန်းဌားဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သည့်  Jovago၏ လေ့လာချက်အရသိရသည်။

''ပုဂံလိုနေရာမျိုးကို တခြားနေရာတွေထက်စာရင်သွားလာမှု နည်းပါးလာတာတွေ့ရတယ်။ အခုလိုအချိန်မှာခရီးသွားအဝင်နည်းလာတဲ့ ပုဂံလိုဒေသမျိုးကိုသွားရောက် လည်ပတ်မယ်ဆိုရင်   ကောင်းပါတယ် ဧည့်သည် ရဖို့အတွက် ဈေးနှုန်းတွေ ချပေးလာတာမျိုးတွေရှိတယ်တဲ့အတွက် ပြည်တွင်းခရီးသွားလာသူတွေအတွက် အခွင့်အလမ်းပါပဲ '' ဟုJovago ၏ မြန်မာနိုင်ငံဆိုင်ရာမန်နေးဂျင်း ဒါရိုက်တာ Hugo Schleicher က ပြောပြသည်။

ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံတစ်ငံလုံးအတိုင်းအတာဖြင့် အထူးထင်ရှားသောပုဂံဒေသသို့ ဧည့်သည်ဝင်ရောက်မှုသည် ဦးရေ နှစ်သိန်းခွဲဝန်းကျင်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ခရီးသွား ၄ ဒသမ ၈ သန်းဝန်းကျင်ရှိခဲ့သည့်အတွက် ခရီးသွားဧည့်သည် ထက်ဝက်ကျော်တိုးတက်လာသည် ကိုတွေ့ရကြောင်း ယင်းခရီးသွားထဲတွင် မြန်မာနိုင်ငံသားခရီသွားဧည့်သည်များက အများစုဖြစ်နေသည်ကိုတွေ့ရကြောင်း Hugo Schleicher ကပြောသည်။

ပြည်တွင်းခရီးသွားလာမှုကိုရည်ရွယ်သည့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်လာသည့် နှင့်အမျှ ပြည်တွင်းခရီးသွားမှာ ဆက်လက်တိုးတက်လာမည်ဖြစ်ကြောင်း Jovagoခန့်မှန်းသည်။

Roket Internet နှင့် Ooredoo တို့ အဓိကရင်းနှီးမြှုပ်နှံထားသော အာရှပစိဖိတ်အင်တာနက်အုပ်စု (APACIG) ၏ Jovago သည် တစ်ကမ္ဘာလုံးတွင် ဟိုတယ်ပေါင်း နှစ်သိန်းကျော်ဖြင့် ချိတ်ဆက် ထားပြီး မြန်မာနိုင်ငံတွင် ဟိုတယ်ပေါင်း ၇၀၀ ကျော်ဖြင့် ချိတ်ဆက်ထားသော အွန်လိုင်းဟိုတယ် အခန်းဌား ဝန်ဆောင်မှုလုပ်ငန်း တစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly