ဂုတ်တွင်းကို စစ်ကောင်စီ လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ဟုဆို

By 007 (မဇ္စျိမ)
14 November 2023
ဂုတ်တွင်းကို စစ်ကောင်စီ လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ဟုဆို
ပုံစာ ကမ္ဘာကျော်ဂုတ်ထိပ်တံတားအား တွေ့ရစဉ်(ပုံဟောင်းဖြစ်သည်)

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင် နောင်ချိုတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ၊ စစ်ကောင်စီတပ်က ဂုတ်တွင်းအနီးဝန်းကျင်ကို ရဟတ်ယာဉ်နှစ်စင်းဖြင့် ယနေ့ နိုဝင်ဘာ ၁၄ ရက်နေ့၌ နှစ်ကြိမ်တိတိ လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ နောင်ချိုဒေသခံသတင်းရင်းမြစ်များက မဇ္စျိမကိုပြော သည်။

“ပုစဉ်းနှစ်ကောင်(ရဟတ်ယာဉ်နှစ်စင်းကိုဆိုလိုသည်)နဲ့ လာပစ်တာတဲ့၊ တခါပစ်ရင် မိုင်လေးဆယ်လောက်အထိ ရောက်တဲ့ဟာကြီးလို့ပြောတာပဲ၊ အဲဒါကြီးနဲ့ မနက်ကတကြိမ်၊ နေ့လယ်ပိုင်းမှာတကြိမ် လာပစ်သွားတာလို့ သူတို့(နောင်ပိန်စစ်ဘေးရှောင်)က ပြောတယ်” ဟု နောင်ချိုမြို့ဖက် စစ်ဘေးရှောင်လာသည့် နောင်ပိန်ဒေသခံများ၏ပြောပြချက်ကို ကိုးကားပြီး နောင်ချိုဒေသခံသတင်းရင်းမြစ်က ညနေ ၄ နာရီခန့်တွင် ပြောသည်။

Mi35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နှစ်စီးဖြင့်၊ နံနက် ၁၀ နာရီခန့်တွင် တကြိမ်၊ နေ့လယ် ၁၂ နာရီကျော်ခန့်တွင်တကြိမ် နှစ်ကြိမ်တိတိ ပစ်ခတ်တိုက်ခိုက်သွားခြင်းဖြစ်ပြီး၊ တိုက်ခိုက်ခံရမှုကြောင့် လူထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကို မသိရသေးပေ။

“၁၂ ရက်နေ့ကလည်း တခါလာပစ်တယ်၊ နောင်ချိုမှာတိုက်ပွဲမဖြစ်တာနှစ်ရက်လောက်ရှိပြီ၊ တိုက်ပွဲမရှိဘဲ ပစ်တာ၊ ဒီနေ့လည်းထပ်လာပစ်တယ်” ဟု အမည်မဖော်လိုသူ နောက်ထပ်သတင်းရင်းမြစ်တဦးကပြောသည်။

စစ်ကောင်စီ၏လေတပ်သည် နိုဝင်ဘာလ ၁၂ ရက်နေ့ နေ့လယ်ပိုင်းတွင်လည်း၊ ဂုတ်တွင်းအနီးဝန်းကျင်ကို ဂျက်လေယာဉ်ဖြင့် ဗုံးကြဲချခဲ့ရာ ကျောက်မဲမြို့နယ် နောင်ပစ်ကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထိခိုက်ပျက်စီးမှုမရှိကြောင်း၊ ညပိုင်းတွင်လည်း နောင်ပိန်ကျေးရွာအနီးသို့ ထပ်မံဗုံးကြဲချခဲ့သေးကြောင်း၊ ဗုံးသည် စာသင်ကျောင်းအနီးကျရောက်ပေါက်ကွဲပြီး အဆောက်အအုံထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီလေကြောင်းရန်ကြောင့်၊ နောင်ပိန်တိုက်နယ်အတွင်းရှိ နောင်ပိန်၊ နောင်ပစ်၊ လုံကြိမ်၊ ဇီးပင်စခန်း၊ ပင်တီး၊ ပင်တိန်၊ ခဲလုံ စသည့် ကျေးရွာများမှ ဒေသခံ ၁,၀၀၀ ကျော် နီးစပ်ရာဘုန်းတော်ကြီးကျောင်းများသို့ ဝင်ရောက်စစ်ဘေးရှောင်နေရကြောင်းလည်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲနှင့်နောင်ချိုမြို့အကြားရှိ နောင်ပစ်လမ်းခွဲတွင်၊ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့မှ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် မန္တလေး PDF ပူးပေါင်းအဖွဲ့တို့ တပ်စွဲထားပြီး၊ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ပန်ဆိုင်း(ကြူကုတ်)၊ သိန္နီနှင့် ကွတ်ခိုင်မြို့တို့ကို မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း "စစ်ဆင်ရေး ၁၀၂၇" ဖြင့် သိမ်းပိုက်ထားသည်။

စစ်ကောင်စီသည် ရှမ်းပြည်မြောက်ပိုင်းကို ထိုးစစ်ဆင်နိုင်ရန်၊ သံချပ်ကာကား လေးစီးပါဝင်သော စစ်ကားအစီး ၄၀ ကျော်ဖြင့်၊ ဂုတ်တွင်းလမ်းပိုင်းကို အပြင်းအထန်ထိုးဖောက်နေကြောင်း၊ ထို့အတွက် လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများ တင်းကြမ်းအသုံးပြုနေခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။

လက်ရှိတွင် စစ်ကောင်စီ၏ထောက်ပို့လမ်းကြောင်းအား ဖြတ်တောက်နိုင်ရန် TNLA ပူးပေါင်းအဖွဲ့က နိုဝင်ဘာလ ၁၂ ရက်နေ့၌ သီပေါမြို့နယ် ဘော်ကြိုအဝင်ရှိ ကျင်သီတံတားကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

TNLA ပူးပေါင်းအဖွဲ့အနေနှင့် ဂုတ်ထိပ်တံတားအနီးမှ စစ်တပ်စခန်းကို သိမ်းယူနိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ဆင်ရေး၁၀၂၇
#ဂုတ်တွင်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly