ယတြာချေနေခြင်းများနှင့် ပတ်သက်၍ အကုသိုလ်ကို ကုသိုလ်တရားကဖုံးကွယ်မရဟု အရှင်ထာဝရမိန့်

By မင်းထက် (မဇ္ဈိမ)
14 November 2023
ယတြာချေနေခြင်းများနှင့် ပတ်သက်၍ အကုသိုလ်ကို ကုသိုလ်တရားကဖုံးကွယ်မရဟု အရှင်ထာဝရမိန့်
ပုံအညွှန်း - မန္တလေး မဟာမြတ်မုနိတွင် ကပ်လှူထားသည့် ကျောက်ကျော၊ဘယာကြော်၊ မုန့်လုံးရေပေါ်များ (ဓာတ်ပုံ-လူမှုကွန်ရက်)

မြန်မာနိုင်ငံအနှံ့အတွင်း ယခုလပိုင်းအတွင်းဖြစ်ပေါ်သောတိုက်ပွဲများတွင် စစ်ကောင်စီတပ်များဘက်မှ သေဆုံးမှုအများအပြားရှိနေသည့်အတွက် စစ်ကောင်စီခေါင်းဆောင်များက ယတြာချေခြင်းများပြုလုပ်နေကြသည်ဟု သိရသည်။

တန်ခိုးကြီးဘုရားများတွင် ကျောက်ကျော၊ ဘယာကြော်နှင့် မုန့်လုံးရေပေါ် ကပ်လှူပူဇော်ခြင်း၊ စစ်ကောင်စီလက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များအတွင်း မဟာသမယသုတ်၊ ပရိတ်ကြီး ၁၁ သုတ် ရွတ်ဖတ်ခြင်းများကို စစ် ကောင်စီခေါင်းဆောင်များက ပြုလုပ်ခိုင်းနေသည်ဟု လူမှုကွန်ရက်ပေါ်တွင် ဓာတ်ပုံအထောက်အထားများနှင့်တကွ ရေးသားနေသည်များကိုလည်း တွေ့ရသည်။

ယင်းပြင် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ယတြာချေသည့်အနေဖြင့် မြို့နယ်တမြို့နယ်လျင် နေကြာ ဧက ၂,၀၀၀ ကျော် စိုက်ခိုင်းနေကြောင်း ဒေသခံများကပြောသည်။

နေကြာမစိုက်လျှင် အရေးယူမည်ဟု စစ်ကောင်စီလက်အောက်ခံများက လယ်သမားများအား ခြိမ်းခြောက်နေသည်ဟု အင်္ဂပူမြို့နယ်နေ ဒေသခံတဦးက ပြောသည်။

ထိုသို့ စစ်အုပ်စုခေါင်းဆောင်များ ပုံစံမျိုးစုံဖြင့် ယတြာချေနေခြင်းများနှင့်ပတ်သက်၍ အကုသိုလ်တရားကို ကုသိုလ်တရားဖြင့် ဖုံးကွယ်၍မရကြောင်း၊ စစ်အုပ်စုမှာ ဝဋ်လည်နေခြင်းဖြစ်ကြောင်း ရွှေဝါရောင် အရှင်ထာဝရ (နော်ဝေ)က မိန့်သည်။

"အကုသိုလ်ကြီးစိုးလာပြီဆိုရင် ဘာမှရှောင်လွှဲလို့မရပါဘူး ။ စစ်အုပ်စုနဲ့အပေါင်းအဖော်တွေဟာ အကုသိုလ်ကြီးစိုးနေတဲ့အတွက် အကုသိုလ်ရဲ့ဆိုးကျိုး ပြစ်ဒဏ်တွေကိုခံရပြီလို့ ဘုန်းဘုန်းကမြင်တယ်။ နောက်တခုက ပြည်သူတွေရဲ့မေတ္တာပျက်သွားပြီဆိုရင် ဘာနဲ့မှကုစားလို့မရပါဘူး။ အဲတော့ သူတော်ကောင်းတရားတွေ ဘယ်လောက်ပဲလုပ်ပြလုပ်ပြ၊ ဘုရားတွေဘယ်လောက်ပဲတည်တည်၊ ကျောင်းတွေဘယ် လောက်ပဲဆောက်ဆောက် ဘယ်လိုမှ ဒီအကုသိလ်တရားကို ကုသိုလ်က ကုစားပေးနိုင်မယ့်အနေအထားမျိုးတော့မရှိပါဘူး။ နောက်ဆုံးအခြေအနေ ရောက်လာတဲ့အ တွက်ကြောင့်မို့လို့ မြက်တပင်ရရ သစ်တပင်ရရ ဖက်တွယ်ချင်တဲ့ ဆန္ဒတွေပြင်းပြနေတာပေါ့လေ"ဟု မိန့်သည်။

ကုသိုလ်ရနိုင်ရန် အကြောက်တရားဖြင့် ရွတ်ဖတ်မှုများပြုလုပ်နေသော်လည်း ကုသိုလ်စိတ်မဖြစ်နိုင်ကြောင်း၊ အကြောက်တရားကြောင့် အသံထွက်လာခြင်းမျှသာရှိမည်ဖြစ်ကြောင်း အရှင်ထာဝရ (နော်ဝေ)က ဆက်လက်မိန့်သည်။

စစ်အုပ်စုခေါင်းဆောင်များက ၎င်းတို့ အကျိုးစီးပွားနှင့် အာဏာသက်တမ်းရှည်ရေးအတွက် ယတြာချေခြင်းများပြုလုပ်နေခြင်းဖြစ်ပြီး ပုံသွင်းခံထားရသည့် လက်အောက်ငယ်သားများမှာ အသုံးချခံများဖြစ်နေသည်ကို အသိတရားရသင့်ပြီဖြစ်ကြောင်း ၊နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များဆီသို့ သွားရောက်ကာ အလင်းဝင်ရန်အချိန်ရှိသေးကြောင်း CDM စစ်ဗိုလ်တဦးက ဝေဖန်သုံးသပ်သည်။

လက်ရှိတွင် ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီဘက်မှ စခန်းသိမ်းဆည်းခံရမှုများနှင့် သေဆုံးမှုများ အများအပြားရှိနေသည်ဟုသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly