မတ္တရာမှာ သံဃနာယကအတွင်းရေးမှူးဆရာတော်နှင့် ရဟန်းတစ်ပါးကို စစ်ကောင်စီဖမ်းဆီးထားဟုဆို

By 007 (မဇ္စျိမ)
14 November 2023
မတ္တရာမှာ သံဃနာယကအတွင်းရေးမှူးဆရာတော်နှင့် ရဟန်းတစ်ပါးကို စစ်ကောင်စီဖမ်းဆီးထားဟုဆို
ပုံစာ မတ္တရာမြို့အဝင်ဆိုင်းဘုတ်

မတ္တရာမြို့နယ်သံဃနာယကအဖွဲ့အတွင်းရေးမှူးဆရာတော်အပါအဝင် ရဟန်းတော်နှစ်ပါးကို၊ စစ်ကောင်စီ တပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများထံကသိရသည်။

“ဘုန်းကြီးပျံပွဲကြွဖို့ ဦးဇင်းဦးခေမာက ဆရာတော်ကိုသွားပင့်တယ်၊ ကျောင်းကနေကားနဲ့အထွက်မှာ စကစက ဝင်ဖမ်းသွားတာပဲ” ဟု ဖြစ်စဉ်သိရှိသည့် အမည်မဖော်လိုသူဒေသခံစျေးသည်တစ်ဦးကပြောသည်။

မန္တလေးတိုင်း မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာဘုန်းကြီးကျောင်းမှ၊ မြို့နယ်သံံဃနာယကအဖွဲ့အတွင်းရေး မှူးဆရာတော်ဦးဝါယမ(ကျောင်းထိုင်ဆရာတော်၊ သက်တော် ၆၉ နှစ် ဝါတော် ၄၉ ဝါ)နှင့် ဧည့်သည် ရဟန်းတော်တစ်ပါး(ဦးခေမာ၊ ကျောက်တံတားကျေးရွာ၊ ရေနားဘုန်းကြီးကျောင်းတိုက်)တို့ကို၊ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့နံနက် ၈ နာ ရီကျော်ခန့်တွင်၊ စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့သည်။

ထန်းပင်ကုန်းကျေးရွာအရှေ့မြောက်ဘက် ကြားကျေးရွာမှ၊ ကျောင်းထိုင်ဆရာတော်ဦးသုစိတ္တ၏ စျာပနအခမ်း အနားသို့ကြွရောက်ရန်၊ ကျောင်းမှအထွက်၊ ကျောင်းပေါက်ဝတွင် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

ရဟန်းတော်နှစ်ပါးအားလာရောက်ဖမ်းဆီးသည့် စစ်ကောင်စီတပ်သည်၊ ဆရာတော်စီးသည့်ကားကိုလည်း သိမ်းယူသွားကြောင်း၊ ဖမ်းဆီးသွားသည်မှာ နှစ်ရက်ကျော်ကြာမြင့်ပြီဖြစ်သော်လည်း ယနေ့(နိုဝင်ဘာ ၁၄ ရက်၊ နံနက် ၁၁ နာရီ)အထိ အဆက်အသွယ်မရသေးကြောင်း၊ ထို့အတွက် ဆွေမျိုးအသိုက်အဝန်းက စိုးရိမ်ပူပန်နေ ကြကြောင်း သိရသည်။

“ဘာကြောင့်ဖမ်းတယ်ဆိုတာထက်၊ ဘယ်နေရာမှာ ဘယ်လိုဖမ်းထားတယ်ဆိုတာကို သိချင်နေကြတာ၊ ဆရာတော်က သက်တော်ခုနစ်ဆယ်လောက်ရှိနေပြီဆိုတော့ ဆွေမျိုးတွေကတအားစိတ်ပူနေကြတယ်” ဟု ထန်းပင်ကုန်ကျေးရွာဘုန်းကြီးကျောင်းနှင့်နီးစပ်သည့်ဒေသခံတစ်ဦးကပြောသည်။

ရဟန်းတော်နှစ်ပါးဖမ်းဆီးခံရမှုနှင့်ပတ်သက်၍၊ ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော မတ္တရာမျိုးမှန်တပ်ဖွဲ့ကလည်း သတင်းထုတ်ပြန်ထားသည်။

နောက်ဆက်တွဲအခြေအနေသိရှိနိုင်ရန်၊  ၎င်းအဖွဲ့ထံဆက်သွယ်မေးမြန်းထားသော်လည်း အဆက်အသွယ် မရရှိသေးပေ။

အလားတူ၊ မန္တလေးသံဃသမဂနှင့်လည်း မဇ္စျိမက ဆက်သွယ်မေးမြန်းခွင့်ရရန်ကြိုးပမ်းနေသည်။

ယနေ့နေ့လယ်ပိုင်းနောက်ဆုံးရရှိသတင်းအရ၊ စစ်ကောင်စီတပ်သည်၊ နိုဝင်ဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့ အထိ၊ သုံးရက်အတွင်း၊ လက်ဝဲကြီး၊ လမိုင်း၊ ကျောက်တံတား၊  အောင်ချမ်းသာ၊ ကြပ်ပြင်  စသည့် မတ္တရာ မြို့နယ်အရှေ့ပိုင်းကျေးရွာငါးရွာမှ ပြည်သူနှစ်ဆယ်ကျော်ကိုလည်း၊ အကြောင်းမဲ့ဖမ်းဆီးသွားသေးကြောင်း၊ ၎င်းတို့ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍လည်း၊ မိသားစုနှင့်အဆက်အသွယ်မရသေးကြောင်း သိရသည်။

လက်ရှိတွင်၊ စစ်ကောင်စီတပ်က မတ္တရာမြို့နယ်အရှေ့ခြမ်းကို၊ စစ်ကြောင်းနှစ်ကြောင်းဖြင့်ထိုးဖောက်ဝင်ရောက် နေပြီး၊ ရဟန်းတော်နှစ်ပါးအားဖမ်းဆီးထားမှုနှင့်စပ်လျဉ်း၍ စစ်အုပ်စုဘက်က သတင်းတစ်စုံတစ်ရာထုတ်ပြန် လာခြင်းမရှိသေးပေ။

PhotoCJ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly