လောက်ကိုင် ခမရ(၁၂၉) တပ်ရင်းမှ တပ်ရင်းမှူးနှင့်အတူ တပ်ဖွဲ့ဝင် ၁၂၆ ဦး လက်နက်ချ

By ရွှေနွယ်၊ ဂျူချန်း (မဇ္ဈိမ)
14 November 2023
လောက်ကိုင် ခမရ(၁၂၉) တပ်ရင်းမှ တပ်ရင်းမှူးနှင့်အတူ တပ်ဖွဲ့ဝင် ၁၂၆ ဦး လက်နက်ချ

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့နယ်ရှိ စစ်ကောင်စီ၏ ဒေသကွက်ကဲမှုစစ်ဌာနချုပ် ဒကစ လက်အောက်ရှိ ခြေမြန်တပ်ရင်း(၁၂၉) မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်သည့် တပ်ဖွဲ့ဝင် ၁၂၆ ဦးနှင့်အတူ မိသားစုဝင်များ လက်နက်ချ၍ ပြည်သူ့ရင်ခွင်ခိုလှုံလာသည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့မှ ထုတ်ပြန်ကြေညာသည်။

နိုဝင်ဘာ ၁၂ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ကိုးကန့် အထူး(၁)၊ ရှီးရှမ်းဒေသ၊ မန်လော်ရွာအုပ်စု၊ ရန်ခွမ့်ရွာ၌ အခြေစိုက်သည့် ခမရ(၁၂၉) မှ တပ်ဖွဲ့ဝင်  ၁၂၆ ဦးနှင့်အတူ  ၎င်းတို့၏ မိသားစု၊ သားသမီး၊ ညီအစ်ကိုမောင်နှမ ၁၃၄ ဦး၊ စုစုပေါင်း ၂၆၂ ဦး ပြည်သူ့ရင်ခွင်ခိုလှုံလာခြင်းဖြစ်သည်။

ထိုသို့ ပြည်သူ့ရင်ခွင်ခိုလှုံလာကြသည့် တပ်ဖွဲ့ဝင်များကို တဦးလျင် မြန်မာကျပ်ငွေ ၁,၀၀၀,၀၀၀ နှင့် ၎င်းတို့၏ မိသားစုဝင်များကို တဦးလျင် မြန်မာကျပ်ငွေ ၁၀၀,၀၀၀ စီ ချီးမြှင့်ခဲ့ကြောင်းလည်း ညီနောင်မဟာမိတ်တို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ၎င်းတို့ထဲမှ ကျန်းမာရေးမကောင်းသူများကိုလည်း ညီနောင်မဟာမိတ်တို့က အခမဲ့ကျန်းမာရေးဝန်ဆောင်မှု စောင့်ရှောက်ပေးလျက်ရှိကြောင်းနှင့် ၎င်းတို့သွားလိုရာနေရာ အသီးသီးကိုလည်း လုံခြုံစွာပို့ပေးထားခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

"တပ်ရင်း တရင်းလုံးကို ဦးဆောင်ခေါ်ယူနိုင်ခဲ့သော တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင်အား မိမိတို့သာမက မြန်မာပြည်သူလူထုတရပ်လုံးမှလည်း ရဲရင့်သော သူရဲကောင်းတဦးအဖြစ် အမြဲတမ်းမှတ်တမ်းတင်ဂုဏ်ပြုကြမည်မှာ အမှန်ပင်ဖြစ်သည်။ ဤကဲ့သို့သော သူရဲကောင်းများ နောက်ထပ်ပေါ်ထွက်လာမည်ကိုလည်း မိမိတို့မှ အပြည့်အဝယုံကြည်ပါသည်” ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင်ဆိုထားသည်။

“ဟုတ်ပါတယ်ဗျ။ လောလောဆယ်တော့ အများဆုံး(အလင်းဝင်လာသူဦးရေ) လို့ ပြောလို့ ရပါတယ်ဗျ” ဟု မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် (MNDAA )၏ ပြောခွင့်ရသူ လီကျားဝင်းက မဇ္ဈိမကိုပြောသည်။

လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၏ လက်အောက်တွင် ခြေလျင်တပ်ရင်းနှင့် ခြေမြန်တပ်ရင်း ခုနစ်ရင်းရှိပြီး ထို့အနက်မှ ကွမ်းလုံမြို့ရှိ အမှတ်(၁၂၇)နှင့် အမှတ်(၃၁၂)၊ ပါစင်ကျော်ရွာရှိ အမှတ် (၁၂၈) တို့ကို ညီနောင်မဟာမိတ်တို့မှ သိမ်းပိုက်ခဲ့ပြီးဖြစ်ကာ နောက်တဖန် အမှတ်(၁၂၉)မှ လက်နက်ချလာသည့်အတွက် ကုန်းကြမ်းမြို့ရှိ အမှတ်(၁၂၅)၊ လောက်ကိုင်ရှိ အမှတ်(၂၃၉) နှင့် အမှတ်(၃၂၂) တို့သာ ကျန်ရှိတော့ကြောင်း သိရသည်။

" တပ်ရင်းမှူးတွေ ဆုံးဖြတ်ချက် မှန်မှန်ကန်ကန်ချဖို့ အချိန်ရောက်ပြီ။  ခမရ (၁၂၉) တပ်ရင်းတခုလုံး လက်နက်ချ အလင်းဝင်သွားတာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ပါ။ တပ်မှူးရဲ့ ဆုံးဖြတ်ချက် မှန်ကန်ပါတယ်။ စစ်တပ်အတွင်းမှာ ဒီကိစ္စကို ရသလောက် သတင်းဖုံးဖို့ကြိုးစားနေပါတယ်။ ဘယ်လောက်ပဲ ဖုံးထားဖုံးထား စစ်တပ်အတွင်း စိတ်ဓာတ်ပြိုလဲနေပြီဆိုတာ အထင်အရှားပါပဲ" ဟု CDM ဗိုလ်ကြီးညီသုတမှ ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။

ကွမ်းလုံမြို့ရှိ ခလရ(၁၄၃) မှ စစ်ကောင်စီတပ်သား ၄၁ ဦးသည် အောက်တိုဘာ ၃၀ရက်နေ့တွင် တပ်ရင်းလိုက် လက်နက်ချလာခဲ့သည်ဟု  MNDAA က ထုတ်ပြန်ထားသည်။

လက်နက်ချအလင်းဝင်လာသူများကိုလည်း လူ့ဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာနှင့်အညီ အသက်အန္တရာယ်လုံခြုံရေးကို အာမခံပေးပြီး ဖမ်းဆီးချုပ်နှောင်ခြင်းမရှိဘဲ မိသားစုနှင့် ပြန်လည်ဆုံစည်းနိုင်ရန် ခရီးစရိတ်များကိုပါ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။  

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ခမရ(၁၂၉)
#လောက်ကိုင်
#ဒကစ
#Operation-1027
#MNDAA
#AA
#TNLA
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly